Home
မြန်မာသတင်း
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု ထက်ဝက်နီးပါးကျဆင်း
DVB
·
June 25, 2022

စစ်ကောင်စီရဲ့ ပိတ်ပင်ကန့်သတ်ချက်တွေ အပါအဝင် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်တာကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ထက်ဝက်နီးပါး ကျဆင်းလာတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ထိုင်း-မြန်မာနှစ်နိုင်ငံဟာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ဖြစ်တဲ့ မြဝတီ၊ တာချီလိတ်၊ မြိတ်၊ ကော့သောင်းနဲ့ ထီးခီးအပါအဝင် နယ်စပ်ဂိတ် ၆ ခုကနေ အဓိက ကုန်သွယ်နေတာပါ။ အဲဒီထဲမှာတော့ မြဝတီနဲ့ ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ အများဆုံး ကုန်သွယ်နေတာပါ။

ဒါပေမဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေဟာ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း သိသိသာသာ ကျဆင်းလာတာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးဟာ လမ်းကြောင်း လုံခြုံရေး အခက်အခဲ ရှိတာ၊ စစ်ကောင်စီရဲ့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေအပြင် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် ကုန်သွယ်မှု ကျဆင်းနေတာပါ။
နယ်စပ်ကုန်သည် တစ်ဦးက “ကုန်သွယ်ရေး အခြေအနေက ဒီကနေ အတက်ကုန်ကတော့ ပြောင်းနဲ့ကြက်သွန်နီလောက်ပဲတက်တော့တယ်၊ အဆင်းကတော့ ဆောက်လုပ်ရေး ပစ္စည်း အနည်းအကျဉ်းနဲ့ဆင်းကြတယ်၊ ပြီးလို့ ရှိရင် စားကုန်တွေနဲ့ ဆင်းကြတယ်၊ အဲဒါပဲ ရှိတယ်၊ ကျန်တာကတော့ အရင်လောက်တော့ ကောင်းကောင်းမွန်မွန် မရှိတော့ဘူး၊ ကျနော်တို့ စိတ်ထင် ထက်ဝက်လောက် ပြုတ်ကျသွားတယ်လို့ ထင်တယ်၊ ငွေဈေးကလည်း ထက်ဝက်လောက် တက်တာ၊ ကုန်သွယ်မှုကလည်း အရင်ကထက်စာရင် ထက်ဝက်လောက်ပဲ ရှိတော့မယ်”လို့ ပြောပါတယ်။

နယ်စပ်ကုန်သည်တွေက ကုန်သွယ်မှု ကျဆင်းနေတယ်လို့ ပြောဆိုနေပေမယ့် စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကတော့ ကုန်သွယ်မှု ဆက်လက် မြင့်တက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ် ဧပြီလကနေ ဇွန် ၁၇ ရက်နေ့နဲ့ အခုနှစ်ကာလတူ နှိုင်းယှဉ်ချက်အရ အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကနေ သန်း ၁၁၀၀ ကျော်ထိ ကုန်သွယ်မှု မြင့်တက်ခဲ့တယ်လို့ ဆိုထားပါတယ်။

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် တစ်ဦးကတော့ ကုန်သွယ်ကဏ္ဍဟာ စက်သုံးဆီနဲ့ လမ်းခရီး အခက်အခဲကြောင့် ၄ ရက်မှ တစ်ကြိမ်လောက်သာ ကုန်သွယ်နိုင်တော့တယ်လို့ ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် တစ်ဦးက “ခါတိုင်းဆို တစ်ရက် တစ်ခေါက်လောက် ဆင်းတဲ့ ကားက အခုဆိုရင် လေးရက်လောက်မှ တစ်ခေါက်လောက်ပဲ ဆင်းတော့တယ်၊ နောက် ဓာတ်ဆီ၊ ဒီဇယ်ဈေးက တက်ထားတယ်ဆိုတော့ ကားခတွေ ဘာတွေနဲ့ဆိုတော့ ကုန်သွယ်မှု အားလုံး လျော့သွားတာပေါ့၊ အရင်လောက်ကြီး အရောင်းအဝယ် မကောင်းတော့ဘူး၊ မစားမဖြစ် စားသောက်ကုန်ပဲ ရောင်းရတယ်၊ အရင်လိုမျိုး ၂၀၂၀ ၊ ၂၀၂၁ နှစ်ဦးပိုင်းလောက်တော့ မဖြစ်တော့ဘူး” လို့ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကို စားသောက်ကုန်၊ အထည်အလိပ်၊ အလှကုန်၊ စက်ယန္တရားအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေကို အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ထိုင်းနိုင်ငံကို ပြောင်း၊ ဆန်ကွဲနဲ့ ရေထွက်ကုန်တွေကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု အခြေအနေ သိသိသာသာ ကျဆင်းလာသလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကဆိုရင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်မှု လုံးဝနီးပါး ရပ်ဆိုင်းခဲ့ရပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနဲ့ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်ရေး ပိုငွေပြနေတယ်လို့ ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024