Home
မြန်မာသတင်း
မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်လက်မီးရှို့ဖျက်ဆီး
DVB
·
June 10, 2022
286722220_152452240692814_7898919971509091153_n
286028046_152452274026144_6582518452235153746_n
287065511_152452420692796_3394130154596856063_n
Shwe Bo

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ကမ်းဖြူရွာနဲ့ ဒဲ့ပြားကျေးရွာတွေကို ဇွန် ၁၀ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရှေ့ကမ်းဖြူရွာသားတယောက်က “ပရွာကို စစ်(...)နဲ့ ပျူ(...) အင်အား ၅၀ လောက် ဝင်ရောက်ပြီး ဒီနေ့မနက် ၁၀ နာရီကျော်လောက်မှာ မီးရှို့ဖျက်ဆီးနေကြတယ်။ ဒါ့အပြင် ဒဲ့ပြားရွာကိုပါ ဆက်တိုက် မီးရှို့ ဖျက်ဆီးနေကြတာ”လို့ ပြောပါတယ်။

အရှေ့ကမ်းဖြူရွာမှာ အိမ်ခြေ ၄၀၀ လောက်နဲ့ ဒဲ့ပြားရွာမှာ အိမ်ခြေ ၂၅၀ ကျော်လောက်ရှိပြီး စစ်ကောင်စီတပ်တွေ ဝင်လာကတည်းက ဒေသခံပြည်သူတွေအားလုံး အဝတ်တထည် ကိုယ်တခုနဲ့ အသက်လုပြီး ဘေးလွတ်ရာ တောထဲတွေကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အဆိုပါရွာသားက “ရွာဘက်ကနေ မီးခိုးလုံးတွေ မီးတောက်တွေ တက်လာတာကို အဝေးကနေ လှမ်းမြင်နေရတယ်။ စစ်(..)တွေက သေနတ်တွေ ရမ်းသန်းပစ်ခတ်နေလို့ ဘယ်သူမှ ရွာနားကို မကပ်ရဲကြဘူး။ မီးလည်းငြှိမ်းလို့မရဘူး။ ကျနော်တို့ ချွေးနှဲစာတွေနဲ့ ရှာဖွေတည်ဆောက်ထားတဲ့ နေအိမ်တွေ မီးလောင်နေတာကို ဒီတိုင်း ငေးကြည့်နေရတာ။ အိမ်ခြေဘယ်လောက် မီးလောင်တယ်ဆိုတာကိုတော့ မသိရသေးဘူး။ လက်ရှိအချိန်မှာ တောထဲတွေမှာ အမိုးအကာမရှိဘဲ ဖြစ်သလို နေနေကြရတယ်။ စားနပ်ရိက္ခာတွေလည်း ပါမလာတဲ့သူများတယ်။ ရှိတာလေးနဲ့ပဲ ဝေငှစားသောက်နေကြရတယ်။ အစားအသောက်တွေနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ ဇွန် ၉ ရက်ကလည်း ဆိပ်ဖြူမြို့နယ် သံပုရာပင်ရွာနားက စစ်ဘေးရှောင်တဲတွေနဲ့ ဆိုင်ကယ် ၅ စီးကို မီးရှို့ဖျက်ဆီးသွားပြီး ကျားဘေရွာက ပြည်သူ ၃ ယောက်ကိုလည်း ဖမ်းဆီးသွားခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းကျေးရွာအနီးမှာ မေလနှောင်းပိုင်းကနေ ဇွန်လဆန်းပိုင်းအထိ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းက နတ်ချောင်းကျေးရွာတွင်း ဝင်ရောက်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံလိုက်ရတဲ့အထဲမှာ လူနေအိမ်တွေအပြင် ဒေသခံတွေ စားသောက်ဖို့ စုဆောင်းထားတဲ့ ဆန်စပါးတိုက်တွေ၊ တိရစ္ဆာန်တွေအတွက် စားစရာသိုလှောင်ထားတဲ့ နွားစာတိုက်တွေပါ မီးရှို့ခံခဲ့ရပါတယ်။

နတ်ချောင်းကျေးရွာမှာ အိမ်ခြေ ၂,၅၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀၀ ကျော် နေထိုင်ကာ အများစုက တောင်ယာလုပ်ငန်းကိုပဲ လုပ်ကိုင်စားသောက်နေကြရတာလည်း ဖြစ်ပါတယ်။

"ရွာအနီးမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲပြီးရင် ရွာကိုဝင်ပြီး မီးရှို့တယ်။ ကျနော်တို့အနေနဲ့ ဒါက အဆန်းတကြယ် မဟုတ်တော့ဘူး။ တချို့တွေက ဒါကို ပြည်သူ့ကာကွယ်ရေးတပ်သားတွေက မီးရှို့တယ်လို့ မြင်နေကြတယ်။ ပြည်သူတွေအနေနဲ့ အခုလိုအဖြစ်မျိုးကို မြင်အောင်ကြည့်စေချင်တယ်။"

စစ်ကောင်စီတပ်သားတွေက နတ်ချောင်းကျေးရွာက လူနေအိမ်ခြေ ၅၀ ဝန်းကျင် မီးရှို့ဖျက်ဆီးသွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ တောတောင်ဒေသတွေမှာ နေထိုင်ကြရပြီး နေထိုင်ရေး၊ စားသောက်ရေးနဲ့ ကျန်းမာရေး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အထက်ကနေ တိုက်ရိုက်ကူညီ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေ မရှိတာကြောင့် ပိုခက်ခဲနေတာဖြစ်ပြီး တခါတရံ ပရဟိတအသင်းတွေရှိပေမဲ့ လုံလောက်မှုမရှိဘူးလို့ ‌စစ်ရှောင်တွေက ဆိုပါတယ်။

အခုအကြိမ်နဲ့ဆိုရင် နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးတာ ၅ ကြိမ်ရှိနေပြီဖြစ်ပြီး ပထမအကြိမ်မှာ လူနေအိမ် ၄၃ လုံး၊ ဒုတိယအကြိမ်မှာ လူနေအိမ် ၇၂ လုံး၊ တတိယအကြိမ်မှာ နေအိမ် ၁၀၀ ဝန်းကျင်၊ စတုတ္ထအကြိမ်မှာ ၅၀ ဝန်းကျင်နဲ့ ပဉ္စမအကြိမ်မှာ နေအိမ် ၄၈ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။

အလားတူ ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ကျေးရွာရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က ဇွန် ၉ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေရှင်ကျေးရွာမှ စစ်ဘေးရှောင်ဒေသခံတဦးက "အခုတော့ သူတို့နဲ့ဝေးတဲ့နေရာကို ရောက်နေတယ်။ ရွာကိုမပြန်ရတာလည်း ကြာပြီ။ အရင်က စာသင်ကျောင်း အပါအဝင် ၃ ကြိမ် မီးရှို့ခံရပြီးပြီ။ အခုက ၄ ကြိမ်မြောက် မီးရှို့ခံရတာ။ အခုမီးရှို့တာက သက်သက်မဲ့ မီးရှို့တာ၊ ရွာအနီးမှာ တိုက်ပွဲမဖြစ်ဘဲ မီးရှို့တာ။ အိမ်ခြေဘယ်လောက်ပါလဲဆိုတာတော့ မသိရသေးဘူး။ ဘယ်သူမှ ရွာထဲမဝင်ရဲကြဘူးလေ" လို့ ဒီဗွီဘီကို ပြောပါတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀ ဝန်းကျင် နေထိုင်တဲ့ ရေရှင်ကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက မကြာခဏ ဝင်ရောက်ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ အိမ်တွင်းပစ္စည်းတွေကိုလည်း ခိုးယူနေကြပါတယ်။

ရေရှင်ကျေးရွာက‌ ဒေသခံပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရတာ ၇ လဝန်းကျင် ရှိနေပြီဖြစ်ပြီး မေ ၁၄ ရက်ကလည်း တိမ်းရှောင်ရာတောထဲကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထပ်မံထွက်ပြေးတိမ်းရှောင် စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

စစ်ကောင်စီက ကလေးနယ်တောင်ပိုင်းကို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၄ လဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ကလေးနယ်တွင်းကို စစ်ကြောင်းထိုး စစ်ဆင်နေပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာကြောင့် အချိန်မ‌ရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ ကလေး-ဂန့်ဂေါ လမ်းကြောင်းကို အသုံးမပြုကြဖို့လည်း ကလေး PDF က အသိပေး ထုတ်ပြန်ထားပါတယ်။

ကလေးမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီတပ်တွေက မြို့ထဲမှာလည်း စစ်ဆေးဖမ်းဆီးမှု‌ေတွ များပြားနေပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာတော့ ချောင်းမီးတိုကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၉ ရက် ညနေ ၅ နာရီခွဲကျော်က မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “သူတို့က ကား နှစ်စီးနဲ့လာတယ်လို့ ကြိုတင်သတင်းရတဲ့အတွက် ရွာထဲရှိတဲ့သူအကုန် ဇွန်လ ၉ ရက်နေ့ နေ့ခင်းပိုင်းကတည်းက ထွက်ပြေးနေရတယ်။ ညနေ ၅ နာရီခွဲကျော်လောက်ကြတော့ ရွာကို မီးရှို့တော့တာပါပဲဗျ။ မီးတောက်ကတော့ အတော်လေးကိုကြီးတယ်။ အပျက်အစီးစာရင်းကတော့ ကျနော်တို့လည်း ရွာထဲကို အခုအချိန် မဝင်ရဲသေးဘူးဗျ။ ဘာကြောင့်ရှို့တာလဲဆိုတော့ ဘယ်လိုတောင်ပြောရမယ်မှန်းကို မသိတော့ပါဘူး။ တိုက်ပွဲမဖြစ်လည်း ဒီကောင်တွေက ရွာတွေကို မီးရှို့နေကြတာပါပဲဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခု စစ်တပ်က မီးရှို့ခဲ့တဲ့ ချောင်းမီးတိုရွာဟာ အိမ်ခြေ ၃၀၀ ခန့်ရှိကာ မီးလောင်ဆုံးရှုံးတဲ့ အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒေသခံရွာသားတွေကတော့ မိမိတို့ရွာကို စစ်ကောင်စီတပ်က မီးရှို့နေတာကို အဝေးကနေပဲ ထိုင်ကြည့်နေကြရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ မေလအထိ ဘာသာရေးအဆောက်အဦတွေ၊ အရပ်သားပိုင်ပစ္စည်းတွေ အပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024