
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီးမှာ ဇွန် ၃ ရက် ဒီမနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပြောပါတယ်။
ကျိုက်ထိုမြို့နယ်ကနေ ဘီးလင်းလင်းမြို့နယ်ထဲကို မောင်းနှင်းလာတဲ့ ကား ၁၁ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကားတစီး ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူက ပြောပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက အနီးပတ်ဝန်းကျင်ကို ရမ်းပစ်ခတ်ခဲ့သလို အော်ဟစ်ဆဲဆိုပြီး ဘီးလင်းဘက်ကို မောင်းနှင်းသွားပါတယ်။
ကေအန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။