စစ်ပွဲအတွင်း ကလေးများကာကွယ်ရေး ဂျနီဗာခေါလ်စာချုပ် ချင်းအမျိုးသားတပ်ဦး လက်မှတ်ထိုး
နန်းမြနဒီ
·
March 21, 2014

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးတွေကို အကာအကွယ်ပေးဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ရေး၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး စတာတွေအတွက် ချင်းအမျိုး သားတပ်ဦး (စီအန်အက်ဖ်) ဟာ ဂျနီဗာခေါလ် လို့ခေါ်တဲ့ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးလိုက်ပါတယ်။
စီအန်အက်ဖ်အနေနဲ့ အရင်ကတည်းက ကလေးစစ်သားအသုံးမပြုရေး၊ စစ်မက်ဒေသမှာ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု ကာကွယ်ရေးမူဝါဒတွေရှိခဲ့ပေမယ့်လည်း နိုင်ငံတကာစံချိန်စံနှုန်းနဲ့ ကိုက်ညီအောင်၊ နိုင်ငံတကာနဲ့လည်း ပူးပေါင်းဆောင် ရွက်နိုင်အောင် အခုလို ပါဝင်လက်မှတ်ရေးထိုးခဲ့တာလို့ ချင်းအမျိုးသားတပ်ဦးရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ၂ ဒေါက် တာဆလိုင်းရွှေခါးက ပြောပါတယ်။
ဒီသဘောတူစာချုပ်ကို စီအန်အက်ဖ် ပါတီအနေနဲ့ အထွေထွေအတွင်းရေးမှူး - ၁ ပူးလ်စီသာ ၊ တပ်ပိုင်းအနေနဲ့ စီအန်အေ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဟရန်းသင်ထိုက် တို့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မတ်လ ၁၉ ရက်နေ့က သွားရောက် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
လက်မှတ်ရေးထိုးပြီးတဲ့နောက် စီအန်အက်ဖ်ရဲ့ နဂိုရှိပြီးသား မူဝါဒတွေ ပြန်စစ်ပြီး နိုင်ငံတကာစာချုပ်နဲ့ လိုက်လျော ညီထွေရှိအာင် ပြုပြင်ဖို့၊ စာချုပ်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စီအန်အက်ဖ် အဖွဲ့ဝင်တွေ အားလုံးကို ပြန်လည်အသိပေးဖို့၊ စာချုပ်ပါ အချက်တွေကို ချိုးဖောက်တဲ့အပေါ် အရေးယူဆောင်ရွက်ချက် နဲ့ စည်းကမ်းတွေ တင်ပြဖို့ နဲ့ သူတို့လုပ်ဆောင်ချက်တွေကို တနှစ်တခါ အစီရင်ခံစာ ပြန်တင်ပြဖို့ရှိကြောင်း ဒေါက်တာရွှေခါး က ဆက်ပြောပါတယ်။
ချင်းအမျိုးသားတပ်ဦးဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကလည်း လူသတ်လက်နက်မိုင်းများ တားမြစ်တဲ့ သဘောတူစာချုပ်မှာလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဂျနီဗာခေါလ် စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ နဲ့ မွန်ပြည်သစ်ပါတီတို့ ကလည်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ပါဝင်လက်မှတ်ရေး ထိုးခဲ့ပါတယ်။
ဂျနီဗာခေါလ်ဟာ ဆွီဇာလန်နိုင်ငံ ဂျနီဗာအခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး ပဋိပက္ခစစ်မက်ဖြစ်ပွားရာဒေသက အရပ်သားတွေကို အကာအကွယ်ပေးဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်
