
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မေ ၁၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ခရီးသွားလူငယ်တယောက်ကို PDF လို့ စွပ်စွဲပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ်၊ ပေပင်တိုက်ကျေးရွာနားက ပုသိမ်-မုံရွာလမ်းမပေါ်မှာ မေ ၁၈ ရက် မနက် ၆ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ကန်နက်ကျေးရွာကနေ ပေပင်တိုက်ရွာဘက်ကို ခြေလျင်လျှောက်လာတဲ့ ပေါက်မြို့နယ် ဆူးလေကုန်းရွာက ကိုစိုးမင်းသူကို PDF လို့ စွပ်စွဲပြီး မတရား ရိုက်နှက်ဖမ်းဆီးသွားကြတယ်လို့ ဆူးလေကုန်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
“ကိုစိုးမင်းထွန်းက ရွာမှာ တောင်သူလုပ်ငန်းလုပ်ပြီး အေးအေးဆေးဆေးနေတဲ့ လူငယ်တယောက်ပဲ။ စစ်(--) တွေက တရွာနဲ့တရွာ ကူးလူးဆက်ဆံတာနဲ့ကို PDF လို့ စွပ်စွဲပြီး မတရားဖမ်းဆီးတော့တာ။ ကိုယ့်အရပ် ကိုယ့်ဒေသထဲမှာကို ဘယ်သွားသွား မလွတ်လပ်တော့ဘူး။ စစ်(--) တွေက ကိုစိုးမင်းထွန်းကို ပေါက်မြို့မရဲစခန်းကို ပို့ဆောင်လိုက်ပြီး စစ်ကြောရေး လုပ်နေတယ်လို့ သိရတယ်။ မိသားစုနဲ့လည်း လုံးဝ တွေ့ခွင့်မပေးဘူး။”
ပခုက္ကူခရိုင်ထဲမှာ မေလပထမပတ်နဲ့ ဒုတိယပတ်တွေမှာ စစ်ကောင်စီတပ်သားတွေဟာ ရေစကြို၊ မြိုင်၊ ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေက အပြစ်မဲ့ ပြည်သူ ၃၀ ကျော်လောက်ကို ဖမ်းဆီးထားပြီး မြို့ဝင်မြို့ထွက်ဂိတ်တွေမှာလည်း စစ်ဆေးရေးတွေ တင်းကျပ်ထားတယ်လို့ သိရပါတယ်။