Home
မြန်မာသတင်း
ပုလဲမြို့နယ် ထန်းတောတိုက်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့
DVB
·
March 15, 2022
275703924_1020468111881332_6859391042906519592_n

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ထန်းတောတိုက်ကျေးရွာကို စစ်ကောင်စီတပ်တွေက မတ် ၁၄ ရက်နေ့ ည ၇ နာရီလောက် မီးရှို့နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အင်အား ၆၀ လောက်ရှိ စစ်ကောင်စီတပ်ဟာ ထန်းတောတိုက်ရွာမှာ မတ် ၁၃ ရက်နေ့ကတည်းက တပ်စွဲနေထိုင်နေတာလို့ သိရပါတယ်။

ပုလဲဒေသခံရွာသားတဦးက “မီးကတော့ ရွာထဲကအိမ်တွေရော၊ ရွာအပြင်က တဲတိုက်လေးတွေရော အကုန်ကိုမီးရှို့နေကြတာ။ ဘယ်နှလုံးလောင်မယ်ဆိုတာတော့ အတိအကျမသိရသေးဘူးဗျ။ ပျူစောထီးတွေက စစ်တပ်အာဏာသိမ်းပြီးကတည်းက ကျနော်တို့ရွာကို လာလာဗိုလ်ကျ ဆက်ကြေးတောင်တာတွေ လုပ်ကြတော့ တချို့ရွာသားတွေက နေရပ်စွန့်ခွာသွားသူတွေက သွားတယ်။ တချို့ကတော့ ရွာထဲမှာမနေရဲကြတော့ဘဲ တောတောင်တွေထဲ မိုးကာတဲထိုးပြီး ပုန်းနေသူတွေက ပုန်းနေကြတယ်။ ရွာထဲမှာ လူကိုမရှိတော့ဘူးဗျ။ အဲလူမရှိတဲ့ ရွာကိုတောင် စစ်ကောင်စီတပ်က မီးရှို့တယ်ဆိုတော့ဗျာ အတော်လေးကို တရားလွန်လာပါပြီ” လို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ  နယ်မြေစိုးမိုးမှုရရှိအောင်  စစ်ကိုင်းတိုင်အတွင်းက ကျေးရွာတွေကို  အင်တာနက်ဖြတ်တောက်ထားပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အခုလို မီးရှို့တာတွေ အကြိမ်ကြိမ်ပြုလုပ်နေပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ပုလဲမြို့နယ်က ကျေးရွာအများဆုံး စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံခဲ့ရပြီး မီးဘေးသင့်ပြည်သူတွေဟာ အစားအသောက်နဲ့ ဆေးဝါးတွေအပြင် သောက်သုံးရေပါ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024