မွန်ဝန်ကြီးချုပ်အမှု တရားလိုပြ သက်သေ ၂ ဦးကို စစ်ဆေး

ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲမလျော်သြဇာသုံးမှု အမှု ၂ မှုအတွက် ဇန်နဝါရီ ၂၆ ရက် ဒီကနေ့ ရုံးထုတ် စစ်ဆေးရာမှာ လိုပြသက်သေတွေကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုလို့ ခေါ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ) အမှု ၂ မှု အတွက် မော်လမြိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အခုရုံးချိန်းမှာတော့ စစ်ကောင်စီရဲ့ တရားလိုပြ သက်သေတွေဖြစ်တဲ့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်နဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လွင်တို့ကို စစ်ဆေးခဲ့တာဖြစ်ပြီး၊ ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုကိုတော့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က စစ်ကောင်စီရဲ့ တရားလိုအဖြစ် တရားစွဲထားတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု အပါအဝင် အဂတိလိုက်စားမှု အမှု ၉ မှု၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေရတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားအမှုတွေအတွက် ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် နှစ် ၁၀၀ ကျော် အမိန့်ချမှတ်ခံရနိုင်ပါတယ်။

//
More News
Up