Home
မေးမြန်းခန်း
“တိုက်ပွဲဖြစ်ရင် ပြည်သူတွေပဲ နစ်နာတယ်” RCSS/SSA ဗိုလ်မှူးခမ်းစံနှင့် မေးမြန်းချက်
နန်းမြနဒီ
·
January 20, 2022

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ရဲ့ တတိယအကြိမ်မြောက်ကွန်ဂရက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဌာနချုပ်လွိုင်တိုင်းလျဲန်းမှာ ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်နေ့မှာတော့ ဒီအစည်းအဝေးဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်ထဲမှာ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေလည်း ပါဝင်သလို  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောတဲ့  တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေကို ကြိုဆိုကြောင်းလည်း ဖော်ပြထားပါတယ်။ ဒီကိစ္စတွေအပြင် လက်ရှိတိုက်ပွဲတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအပေါ် သဘောထားအမြင်တွေကို RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး - ကွန်ဂရက်အပြီး ထုတ်ပြန် ကြေညာချက်ထဲမှာ  ရှမ်းပြည်ဖက်ဒရယ်မူနဲ့အညီ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲမယ်ဆိုတာပါရှိပါတယ်။ ဘယ်လိုပုံစံနဲ့ဆောင်ရွက်သွားမှာလဲ၊ ဘယ်လိုအဖွဲ့အစည်းတွေ ပါဝင်မလဲဆိုတာကို ပြောပြပေးပါ။ 

ဖြေ -  “နှစ်ပိုင်းခွဲပြီး အကျဉ်းချုပ်ရှင်းပြပါမယ်။ ပထမတပိုင်းက  RCSS ရပ်တည်ချက်ပေါ့။ ကျနော်တို့ ရပ်တည်ချက်က အတူတကွနေထိုင်သွားမယ်၊ ဖက်ဒရယ်ကိုသွားကြမယ်၊ ဒါကြောင့် ကျနော်တို့ရပ်တည်ချက်အတိုင်း အကောင်အထည်ဖော်တာပေါ့နော်။ ဒုတိယအပိုင်းကျတော့ အကောင်အထည်ဖော်တဲ့အပိုင်း၊ အဲဒီမှာ နှစ်ဆင့်ရှိတယ်။ ပထမဆင့် ပြင်ဆင်တဲ့အပိုင်းနဲ့ ဒုတိယဆင့် ရှမ်းပြည်အတွင်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ  ပါဝင်နိုင်အောင်၊ နောက်တခုက ဘုံသဘောထားရယူနိုင်အောင်လုပ်သွားမယ်။ အခုကပထမဆင့်ပေါ့ ဥပဒေပ ညာရှင်တွေလည်းပါပါမယ်၊ ပြင်ဆင်တဲ့အပိုင်းပြီးရင် ထပ်ထုတ်ပြန်ပါမယ်။ 

မေး - နောက်ကြေညာချက်ထဲမှာတွေ့တာက  တိုက်ပွဲကြောင့်ပြည်သူတွေ ဒုက္ခရောက်တယ်၊ ဒါကိုရှောင်ရှားဖို့နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဖို့ ရှမ်းပြည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်းတိုက်ပွဲဖြစ်တာကိုရပ်ဆိုင်းပြီး တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ ပြဿနာဖြေရှင်းမယ်ဆိုတာ ပါပါတယ်၊ ဒီလိုလုပ်မယ့်အကြောင်း အရင်ကလည်း မကြာခဏ ထုတ်ပြန်တာတွေ့တယ်၊ တိုက်ပွဲကလည်းဖြစ်နေတာပဲ၊ အဲဒါဘာကြောင့်ပါလဲ၊ အခုထုတ်ပြန်ပြီးတော့ရော အောင်မြင်ပါ့မလား။

ဖြေ- “ဟုတ်ကဲ့ ဒါကကျနော်တို့ရဲ့ရပ်တည်ချက်ကို ထပ်လောင်းပြီးတော့မှ ပြောကြားခြင်းဖြစ်ပါတယ်။ အရင်ကလည်း ထပ်တလဲလဲထုတ်ဖော်ပြောပြီးဖြစ်တယ်။ ပြဿနာကိုတွေ့ဆုံဆွေးနွေးပြီးမှဖြေရှင်းတာ အကောင်းဆုံးနည်းလမ်းလို့ ကျနော်တို့ယုံကြည်တယ်၊ တိုက်ပွဲမဖြစ်ချင်ဘူး၊ ဘယ်ဘက်မှမကျိုးအမြတ်မရှိဘူး၊ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ အနည်းဆုံးနှစ်ဘက်ပါမှရမယ်၊ တဘက်တည်းလုပ်လို့မရဘူး၊ နောက်တဘက်က ဆွေးနွေးချင်တဲ့ ဆန္ဒရှိမှ အထမြောက်အောင်မြင်မှာလေ။”

မေး - အခုရှမ်းပြည်မှာဖြစ်နေတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ RCSS က တပ်ပေါင်းစု SSPP/TNLA ပြီးတော့ ‘ဝ’ စစ်သားတွေရဲ့ ဝိုင်းတိုက်တာကို ခံနေရတယ်ပေါ့။ တကယ်ရောဟုတ်ရဲ့လား အခုဘယ်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာလဲ။

ဖြေ - “ကျနော်တို့နဲ့ အဓိကပြဿနာဖြစ်တာက SSPP ပါ။ တခြားအဖွဲ့အစည်းတွေကို မလွှဲချချင်ပါဘူး၊  အဓိက တာဝန်ရှိတာက SSPP ပဲဆိုတော့ SSPP ကြောင့်ဖြစ်လာတာကို သူကတာဝန်ခံမှုတာဝန်ယူမှုရှိရမှာပေါ့။ တခြားအဖွဲ့တွေကို ယိုးစွပ်တာ လွှဲချတာမလုပ်ချင်ပါဘူး။”

မေး - မိုင်းကိုင်တိုက်ပွဲမတိုင်ခင်က SSPP ဘက်က ဆွေးနွေးဖို့ကမ်းလှမ်းထားတယ်လို့လည်း သတင်းတွေမှာတွေ့ရပါတယ်၊ အဲဒါကောဘယ်ထိရောက်သွားပြီလဲ။

ဖြေ - “အဲဒါနိုင်ငံရေးအရ ပြောကြားတယ်လို့ပဲယူဆတယ်။ တကယ်တမ်းကျတော့ ဆွေးနွေးမှုမဖြစ်မြောက်ဘူး၊ တကယ်ဆွေးနွေးချင်ရင် ၁ ရက် ၂ ရက်တည်းနဲ့ အောင်မြင်နိုင်တဲ့ အနေအထားရှိတယ်။”

မေး -   ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား တွေ့ဆုံဆွေးနွေးဖို့ တစ်ဆို့နေတဲ့အချက်က ဘာပါလဲ။ နယ်မြေကြောင့်လား မူဝါဒပေါ်လစီမတူလို့လား။

ဖြေ -  “ဆွေးနွေးချင်တဲ့ ဆန္ဒမရှိလို့ပေါ့၊ အဓိကအဲဒီအချက်ပဲလေ၊ ပေါ်လစီနဲ့လည်းမဆိုင်ဘူး နယ်မြေနဲ့ လည်းမဆိုင်ဘူး။  ကျနော်တို့ပြောချင်တာက ဒီဒေသကို ဆုတ်ပေးရင် တိုက်ပွဲငြိမ်သွားမယ်ပေါ့။ ဒါပေမဲ့ ဆုတ်ပေးလိုက်ပေမယ့် တိုက်ပွဲကမငြိမ်တဲ့အပြင် တောက်လျှောက်ဖြစ်လာတယ်။ မြောက်ပိုင်းမကဘူး တောင်ပိုင်းပါရောက်လာတယ်၊ အဲဒါသက်သေပဲ။ နိုင်ငံရေးအရဆွေးနွေးမယ်လို့ ပြောသွားပေမယ့် လက်တွေ့မဆွေးနွေးဘူး၊ ဒါကြောင့်နိုင်ငံရေးအရ အမြတ်ထုတ်တယ်လို့ပဲ ယူဆတယ်၊ အမြင်ကောင်းအောင်ပြောတယ်လို့ ပဲယူဆတယ်၊ တကယ်ဆွေးနွေးချင်တဲ့ ဆန္ဒမရှိလို့ ဒီတိုက်ပွဲက ဆက်တိုက်ဖြစ်နေတာပေါ့။”

မေး - နောက် ကြေညာချက်မှာပါတဲ့ အချက် ၇ မှာ  တပ်မတော်ကာကွယ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့  နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်ပေါ်မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းတယ်ဆိုရင် RCSS က ကြိုဆိုတယ်လို့ ဆိုတယ်ပေါ့နော်၊  သူ့ဖိတ်ခေါ်ချက်ကိုထောက်ခံတာလား။

ဖြေ - “အချက် ၇  ရဲ့အနှစ်သာရ ၃ ချက်ရှိတယ်။ ပထမအချက် RCSS ရပ်တည်ချက်က နိုင်ငံရေးကိုတွေ့ဆုံ ဆွေးနွေးခြင်းနဲ့ဖြေရှင်းမှအောင်မြင်နိုင်မယ်၊ စစ်ရေးနဲ့ဖြေရှင်းရင် နှစ်ပေါင်း ၇၀ ကျော်လာပြီ မအောင်မြင်နိုင်ဘူး၊ ဒါသာဓကတစ်ခု။  နောက်တစ်ချက် တွေ့ဆုံဆွေးနွေးရေးမှာ အားလုံးပါဝင်ရေးပေါ့၊ ဟိုတဘက်ကိုဆွေးနွေးတယ်၊  ဒီတဘက်ကိုမဆွေးနွေးဘူး။ ဒီဘက်နဲ့ ဆွေးနွေးနေတုန်း ဟိုတဘက်ကိုသွားတိုက်တယ် အဲလိုမျိုးမဟုတ်ဘူးလေ။ အားလုံးပါဝင်မယ်၊ အားလုံးအပစ်ခတ်ရပ်စဲမယ်၊ ဒါမှအောင်မြင်မယ်လေ။ နောက်တခု အချက် ၇ ထဲ ပါတာက ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေးအတွက်ရည်မှန်းပါက ဆိုတဲ့အချက်ပါတယ်ခင်ဗျ။ အဲဒီဥစ္စာက  နိုင်ငံရေးအမြတ်ထုတ်ပြီး ဟိုဘက်ဆွေးနွေးလိုက် ဒီဘက်တိုက်လိုက် အဲဒါမျိုးကို မဆိုလိုဘူး၊ ကြိုဆိုတယ်ဆိုတာက ကျနော်တို့ရပ်တည်ချက်နဲ့တူလို့လေ။ ကျနော်တို့ရပ်တည်ချက်က နိုင်ငံရေးကို တွေ့ဆုံဆွေးနွေးရေးနဲ့ဖြေရှင်းမယ်၊ စစ်တပ်ဘက်ကလည်း ဆွေးနွေးမယ်ဆိုတော့ ကြိုဆိုရမယ်။ ကြိုဆိုတယ်ဆိုတာ သူတို့ဖိတ်ခေါ်ချက်ကို သွားတက်မယ်လို့ မဆိုလိုဘူး၊ အားလုံးပါမယ်၊ တနိုင်ငံလုံးအပစ်ခတ်ရပ်မယ်၊ ကန့်သတ်ချက်တွေမရှိဘူး၊ ပွင့်ပွင့်လင်းလင်းနဲ့ဆွေးနွေးမယ်ဆိုရင်တော့ ဒါကြိုဆိုရမယ့်ကိစ္စပဲလေ။”

မေး -  လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ကရင်၊ ကချင်၊ ချင်း၊ ကရင်နီ၊ စတဲ့လက်နက်ကိုင်အဖွဲ့တွေရော PDF တွေရော အင်တိုက်အားတိုက် တိုက်ခိုက်နေကြတယ်၊ RCSS က အင်အားတောင့်ပြီး ဘာကြောင့်ဝင်မတိုက်သေးတာလဲ။

ဖြေ - “အဓိကက ကျနော်တို့ RCSS က ရှမ်းပြည်ထဲမှာ ရင်ဆိုင်တိုက်ပွဲတွေဝင်နေရတာလေနော်၊ ကျောက်မဲဘက်မှာဆိုလည်း TNLA နဲ့ တောင်ပိုင်းမှာဆိုလည်း SSPP နဲ့တိုက်နေတယ်။ ရှမ်းပြည်တောင်ပိုင်းမှာ စစ်မျက်နှာ ကီလိုမီတာ ၅၀ လောက်ကျယ်ပြန့်တယ်၊ ရှမ်းပြည်မြောက်ပိုင်းမှာလည်း ကီလိုမီတာ ၅၀ ကနေ ၈၀ အတွင်း၊ မြောက်ပိုင်းရောတောင်ပိုင်းပါ ကီလိုမီတာ ၁၀၀ ကျော်ဆိုတော့ အင်အားကိုလည်း ၅၀၀၀ နဲ့ ၁၀၀၀၀ ကြားသုံးနေရတယ်။ ဆိုတော့ စစ်ရေးအရပြဿနာတစ်ခုရှိတာပေါ့။ နောက်ပြီးတော့ ပြည်သူလူထုတွေလည်း စစ်ဘေးရှောင်နေရတယ်။ မိုင်းကိုင်မှာ စစ်ဘေးရှောင် ၂၅၀၀ လောက်ရှိတယ်၊ လဲချားမှာ ၈၀၀ ကျော်၊ ကျောက်မဲဘက်မှာလည်း ထောင်ချီရှိတယ်၊ အဲဒါတွေထည့်သွင်းစဉ်းစားရတယ်။ နောက်အဖွဲ့အစည်းအသီးသီးမှာ ဘုံရည်မှန်းချက်နဲ့ အဖွဲ့အစည်းတွင်း ရည်မှန်းချက်ဆိုတာရှိတယ်၊ ဘုံရည်မှန်းချက်တစ်ခုကိုပဲ သွားပြီးထည့်သွင်းစဉ်းစားမယ်ဆိုရင် မရလောက်ဘူး၊ ကိုယ့်အဖွဲ့အတွက်ပဲ စဉ်းစားမယ်ဆိုလည်းမဖြစ်ပြန်ဘူး၊  နှစ်ခုစလုံးထည့်သွင်းစဉ်းစားနေရတယ်။”

မေး - ဟုတ်ကဲ့ ဒါဆိုရင် စစ်အာဏာရှင်တိုက်ဖျက်ရေးဆိုတာက ဘုံရည်မှန်းချက်ပေါ့နော်၊ ဒီတော်လှန်ရေးမှာ ဝင်မတိုက်နိုင်သေးရင်တောင်မှ သွယ်ဝိုက်တဲ့နည်းနဲ့ ပံ့ပိုးကူညီမှုတွေရှိပါသလား၊ ဥပမာ CDM တွေကို ခိုလှုံခွင့်ပြုတာ၊ PDF တွေကို ကာကွယ်ပေးတာ ထောက်ပံ့ကူညီတာမျိုးပေါ့။

ဖြေ -” ဒီဥစ္စာကျတော့ စစ်ရေးကိစ္စဆိုတော့ ဖြေကြားပေးဖို့ မရှိသေးပါဘူးခင်ဗျ။”

မေး - နောက် ခုဏက တိုက်ပွဲဘက်ပြန်သွားမယ်ဆိုရင် RCSS ဘက်က ဆုတ်ပေးရတာချည်းပဲလို့ ကြားရတယ်၊ RCSS ဘက်က စခန်းဘယ်နှခုလောက်ဆုတ်ပေးလိုက်ရပြီလဲ။

ဖြေ - “စစ်ရေးအနေနဲ့ ကျနော်တို့က ခွါစစ်အနေနဲ့ပဲ ကိုယ့်ကိုယ်ကိုခုခံတဲ့အနေနဲ့ဘဲ တုံ့ပြန်တာပေါ့။ ဘာကြောင့်လဲဆို တိုက်ပွဲဖြစ်ရင် ပြည်သူတွေပဲ နစ်နာတယ်လေ။”

ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024