နိုင်ဂျီးရီးယားကို ရှုံးနိမ့်ပြီးနောက် အီဂျစ်တိုက်စစ်မှူး ဆာလက်ကို ပရိသတ်များဝေဖန်

အာဖရိကနိုင်ငံများဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ အီဂျစ်က နိုင်ဂျီးရီးယားကိုရူံးနိမ့်ပြီးနောက် အီဂျစ်အသင်းခေါင်းဆောင် ဆာလက်ကို ပရိသတ်တွေက လှောင်ပြောင်ဝေဖန်ခဲ့ကြပါတယ်။ 

အီဂျစ်အသင်းဟာ လီဗာပူးသူရဲကောင်း ဆာလက်ရဲ့ ဦးဆောင်မှုနဲ့အတူ ပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် အဖွင့်ပွဲမှာပဲ ရှုံးပွဲတွေ့ခဲ့တာပါ။ 

ဆာလက်ဟာ တစ်ပွဲလုံးမှာ ဘောလုံး ၃၅ ချက်ထိခဲ့ပြီး ပြိုင်ဘက်ဧရိယာထဲမှာ ၄ ကြိမ်သာရထားခဲ့ကာ တစ်ကြိမ်သာ ဂိုးပေါက်တည့်တဲ့ ကန်ချက်ရှိခဲ့တာပါ။ 

အဲဒီအပေါ်မှာ ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ ဝေဖန်နေကြပြီး လီဗာပူးအသင်းဖော်တွေသာမရှိရင် ဘာမှအသုံးမဝင်ဘူးလို့ လှောင်ပြောင်ခဲ့ကြပါတယ်။

“နေရာလွတ်တွေ မရှာဖွေနိုင်ခဲ့သလို ပွဲကြီးပွဲကောင်းမှာ ဆာလက်တစ်ယောက် အသုံးမဝင်ဖြစ်ခဲ့ရပြန်ပြီ” လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးပါတယ်။ 

နောက်ထပ်တစ်ဦးကလည်း “ခံစစ်မှူးနှစ်ယောက်က ဆာလက်ကို ကျော်တက်ပြေးသွားတယ်။ ငါငိုနေရပြီ။ အာဖရိကဖလားက ဟာသတော့မဟုတ်ဘူး” လို့ ပရိသတ်တစ်ဦးက တွစ်တာကနေ မှတ်ချက်ပေးခဲ့ပါတယ်။ 

ဆာလက်ဟာ ပရီးမီးယားလိဂ်မှာတော့ ပွဲ ၂၀ မှာ ၁၆ ဂိုးသွင်းပြီး ၉ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

//
More News
Up