
အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုစလုံးအတွက် ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။
အခုရုံးချိန်းမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုတွေ ပြန်လည် ချေပဖို့ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ တာဝန်ယူစဉ် ဆောင်ရွက်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ စာရွက်စာတမ်းတွေကို လာရောက် တင်ပြပေးဖို့အတွက် တရားရုံးတော်က ဆင့်ခေါ်စာ (သမ္မန်စာ) ထုတ်ပေးဖို့ ဝန်ကြီးချုပ် ရှေ့နေအဖွဲ့က တင်ပြခဲ့တာပါ။
တရားရုံးတော် ဆင့်ခေါ်စာ ထုတ်ပေးဖို့ နှစ်ဖက် ရှေနေ့လျှောက်လဲချက်ပေးပြီးနောက် တရားသူကြီးဘက်ကတော့ အမှု ၉ မှုမှာတော့ အမှု ၂ မှုကို ပယ်ချပြီး၊ ကျန် ၇ မှုအတွက် လာမယ့် ရုံးချိန်းမှာ ဆင့်ခေါ်စာ ထုတ်ပေး မပေး အမိန့်ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ပယ်ချခံရတဲ့ အဂတိ အမှု ၂ မှုအတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ဆေးမေးမြန်းရာမှာတော့ ဝန်ကြီးချုပ်က အပြစ်မဆိုကြောင်း ထွက်ဆိုခဲ့ပါတယ်။ တရားရုံးလာတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ကျန်းမာရေး ကောင်းမွန်နေပါတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးမှု အမှု ၃ မှု၊ အဂတိအမှု ၉ မှု ၊ စုစုပေါင်း အမှုပေါင်း ၁၂ မှုအတွက် တရားရင်ဆိုင်နေရတာပါ။