Home
မြန်မာသတင်း
၀က်လက်၊ ရေဦးနှင့် ရေစကြိုမြို့နယ်တို့တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခံရ
DVB
·
January 1, 2022

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီယာဉ် ၅ စီး ပျက်စီးခဲ့သွားတယ်လို့ ဝက်လက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ 

ဇန်နဝါရီ ၁ ရက်  မနက် ၃ နာရီမှာ စစ်ကိုင်း- ရွှေဘိုလမ်းမကြီးပေါ်မှာ ဆားတောင်နဲ့ ရွာသာကျေးရွာကြား တကောင်းဒေါင့်ရွာ အနီးမှာ စစ်ကိုင်းကထွက်လာတဲ့ စစ်ကောင်စီ ထောက်ပို့ Express ကားတစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်း ၇ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီကားမှာ နေရာမှာတင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများနိုင်ကာ ရွာသာကြီးကျေးရွာမှာ ကားချင်းလဲလှယ် ဆက်ထွက်ခွာ သွားတယ်လို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။ 

ထောက်ပို့ကားမှာ လက်နက်တွေ တင်ဆောင်လာတဲ့ယာဉ်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ည ၉နာရီခွဲ ဝန်းကျင်လောက်ကလည်း   စစ်ကိုင်း- ရွှေဘို လမ်းမကြီးပေါ်မှာ ၆ ဘီးကား ၄ စီးနဲ့ Express ကား ၂ စီးကို ဒေသခံ တပ်ရင်း ၁ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။  

တိုက်ခိုက်မှုကြောင့်  စစ်ကောင်စီယာဉ်တန်းက ယာဉ် ၄ စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားတွေက ရမ်းသန်းပစ်ခတ်ကာ ကျန် ၂ စီးကတော့ အမြန်မောင်းနှင် ထွက်ပြေးသွားတယ်လို့ PDFအဖွဲ့တွေက ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြင်းဖြူရှင် ပြောက်ကျားတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဂဠုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

ဒီအဖွဲ့ဟာ ဒီဇင်ဘာ ၃၀ ရက် ည ၉ နာရီ ၂၀ က ဝက်လက်မြို့နယ် စစ်ကိုင်း- ရွှေဘို လမ်းပိုင်း  ရွာသာကြီးအနီးမှာ စစ်ကောင်စီယာဉ်တန်းကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြသေးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးသတင်းအကျဉ်းချုပ်မှာ ၃၁ ရက်က ထုတ်ပြန် ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ အင်တောရွာမှာလည်း  ဒီနေ့မနက် ၉ နာရီလောက်က ရိက္ခာလာယူတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့  ဒေသခံတွေ ဆီက သိရပါတယ်။

အခုလို မိုင်းခွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သား  ၃ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

“နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးလိုက်တာ။ ကျနော်တို့ ဘက်က အကျဆုံး မရှိဘူး။ ဖြည့်စွက် ပြောရရင် ပြည်သူအာဏာ၊ ပြည်သူဆီ ပြန်မပေး မချင်း စစ်အာဏာရှင်ကျဆုံးတဲ့အထိ တိုက်ပွဲ ဝင်သွားမယ်” လို့ ရေဦးပကဖအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်မှုကို ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တန့်ဆည်ပြည်သူ့ ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ တန်ဆည်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

အင်တောရွာမှာ ဒီဇင်ဘာ ၃၀ ရက် ည ၁၀ နာရီလောက်ကလည်း ကင်းလှည့်နေ့တဲ့ စစ်ကောင်စီတပ်ကို တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ရှိခဲ့ပြီး အခုအကြိမ်နဲ့ဆို နှစ်‌ကြိမ်မြောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် သက်ရွာကျေးရွာအနီးမှာတော့ ဒီဇင်ဘာ ၃၁ ရက်ညနေက စစ်ကောင်စီ ယာဉ်တစီး မိုင်းနှစ်လုံးခွဲခံရတာကြောင့် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိရပါတယ်။

ဒဏ်ရာရရှိသွားတဲ့ တပ်သားတွေကို နာရေးကူညီရေးကားနှစ်စီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့  မျက်မြင်တွေ့သူတွေကပြောပါတယ်။

“နှစ်ခါပေါက်ကွဲတယ်၊ လူနာတင်ကားတွေနဲ့ လာသယ်သွားတယ်။ ဒဏ်ရာရတဲ့သူတွေကိုသယ်တာ ၃ ယောက်သေတာမြင်တယ်။ ကျန်တာတွေဒဏ်ရာရတာတွေတော့များတယ်။ အရေအတွက်တော့ မသိဘူး”လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ပိုင်းကလည်း ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာ၊ လေးရာပြည့်ကျေးရွာ၊ ငါးလံကျေးရွာအတွင်းကို ပျူစောထီတွေကဝင်ရောက်ပြီး  နေအိမ် ၁၅ လုံးကို ဖျက်ဆီးကာ နေအိမ်တွေထဲက ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ဆင်မရဲကျေးရွာက ကျေးရွာသားတစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

“စစ်တပ်ထောက်ခံသူတွေ အသတ်ခံရပြီးနောက်ရက်မှာ စစ်တပ်က ရွာကိုလာပြီးတော့တပ်စွဲထားတယ်။ နေ့တိုင်းသေနတ်တွေပစ်ဖောက်တယ်။ ဘေးကရွာတွေကိုလည်း အသံဗုံးတွေပစ်တယ်။ အဲလိုတွေနေ့တိုင်းလုပ်ပြီးတော့ မနေ့က ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ပိုင်းလောက်မှာ ပျူစောထီးအဖွဲ့တွေ ရွာထဲတွေကိုဝင်ပြီးတော့ အိမ်တွေဖျက်တယ် ပစ္စည်းတွေခိုးတယ် ပိုက်ဆံတွေလည်းယူသွားတယ်”လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

ဆင်မရဲကျေးရွာက စစ်တပ်ထောက်ခံသူ ၃ ယောက်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီးနောက်မှာ စစ်တပ်က ကျေးရွာတွေအတွင်းဝင်ရောက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024