Home
မြန်မာသတင်း
မကွေးနှင့် စစ်ကိုင်းတိုင်းတွင် စစ်တပ်ကအင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသဖြင့် ဒေသခံ ထောင်ချီ ထွက်ပြေး
DVB
·
December 30, 2021
270233316_3000542663593970_4231546242969972951_n
270355799_3000542686927301_6861049218390869226_n
270304859_3000542646927305_2494123981122095793_n

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်စပ်ကြားနဲ့ ကလေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေပြီး ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့က မြောင်မြို့နယ် ဇီးကျွန်းကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတွေဟာ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်မှာ ရေစကြိုမြို့ မြေနုကျွန်း ကျေးရွာတွေဘက်ကို ရောက်ရှိလာပြီး စက်လှေ ၃ စီးနဲ့ မြစ်တွင်းမြစ်ရိုးအတိုင်း ဆန်တက်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“မနက် အစောလောက်က ရွှေတချောင်းဝန်းကျင်က မြေနုကျွန်းတွေဘက်ကို စက်လှေ ၃ စီးနဲ့လာကြတယ်။ သူတို့ရောက်လာပြီးတော့ ပေါက်ကွဲသံတွေ အုန်းအုန်း ဒိုင်းဒိုင်းနဲ့ သေနတ်ပစ်သံတွေရော ကြားတော့ အနီးကျင်းရွာတွေ အကုန်ထွက်ပြေးကြတာပေါ့၊ အနီးဝန်းကျင်က ကျေးရွာတွေ အကုန်ပါပဲ ထွက်ပြေးကြရတာ။ မနေ့ကလည်း တိုက်ပွဲဖြစ်တယ် ရွာခံတွေလည်း မြေစာပင်ဖြစ်နေရတာပါ။ အခု စခတွေက ရောက်လာလိုက် အခုပစ်ဖောက်လိုက် ရွာခံတွေလည်း အခုထွက်ပြေးလိုက်၊ နည်းနည်းကြာရင် အခြေအနေလေးကြည့်ပြီးပြန်လာလိုက်နဲ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေစကြိုမြို့နယ် ဝါယာအုပ်စု ကျောက်ခတ်ကျေးရွာကို  ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ် အင်အား ၂၀ လောက်နဲ့ ဝင်ရောက်လာတာကြောင့်  ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မထွက်ပြေးနိုင်သူတွေကို  စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာကိုလည်း ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ ဖောကား ၄ စီးနဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော် အလုံးအရင်းနဲ့ ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ် မအူအုပ်စုမှာလည်း စစ်ကောင်စီက အင်အား ၂၀ လောက်နဲ့  တပ်စွဲထားပြီး ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်း ကင်းလှည့်စဉ် ရေစကြို၊ ချောင်းဦးနဲ့ မြင်းခြံ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ N- Yso ပြောက်ကျားတပ်ဖွဲ့က သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ရေစကြို - ချောင်းဦးလမ်းပိုင်းကို စစ်ကောင်စီ ကားတွေက လှုပ်ရှားသွားလာနေတဲ့အတွက် ယာဉ်တွေ ဖြတ်သန်းသွားလာခြင်းမလုပ်ဖို့  N- Yso ပြောက်ကျားတပ်ဖွဲ့က  ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ရွာလေးရွာကိုလည်း ဒီဇင်ဘာ ၂၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာသောကြောင့် ဒေသခံပြည်သူ ထောင်ကျော်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

“စစ်ကောင်စီတပ်က နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစို နဲ့ ပန်းမွန်ချောင်း ကျေးရွာတွေက စစ်ကြောင်းထိုးတယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ကျနော်တို့ ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေကို ကလေး PDF   CNDF ၊ Zomi PDF နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024