
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်မြို့နယ်အထက်ပိုင်း မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးအနီး ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက မိုင်းနင်းမိလို့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် တယောက် ခြေချင်းဝတ်ပြတ်ဒဏ်ရာရသွားပါတယ်။
မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားတဲ့ တပ်သားဟာ မောင်တောမြို့နယ်တောင်ပိုင်း နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၆) အင်းဒင်စခန်းက ဖြစ်ပြီး ပုံမှန်ကင်းလှည့်နေစဉ် မိုင်းနင်းမိတာလို့ ရဲအရာရှိတယောက်က ပြောပါတယ်။
"ဟုတ်တယ်။ လည့်ကင်းလည့်နေစဉ် မိုင်တိုင် ၄၀ နဲ့ ၄၁ ကြားမှာ မိုင်းနင်းမိတာ။ ခြေချင်းဝတ်ပြတ်ချသွားတယ်။ ဒဏ်ရာပြင်းတော့ ဘူးသီးတောင်စစ်ဆေးရုံမှာ ဆေးကုသနေတယ်။”
မိုင်းနင်းမိတဲ့နေရာဟာ ခမောင်းဆိပ်မြို့အထက်ပိုင်း ဝေလာတောင်ကျေးရွာတောင်ကြော ဘင်္ဂလား-မြန်မာ ခြံစည်းရိုးအနီးမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း နှစ်နိုင်ငံ နယ်စပ် ဝေလာတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၄၃ အောင်ဇူစခန်းမှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့်အရာရှိတယောက် လက်နက်တွေနဲ့အတူ ထွက်ပြေးသွားပါတယ်။