တရုတ်နဲ့ ကမ္ဘောဒီးယား ဘယ်လဲ.. ဘာလဲ…

မြန်မာ့အရေး မျှော်တွေးမိတဲ့အခါတိုင်း စိတ်မသက်မသာဖြစ်ရတဲ့ကိစ္စက တရုတ်နဲ့ အိမ်နီးချင်း ဖြစ်နေရခြင်းပါပဲ။ တရုတ်နိုင်ငံရဲ့ လူဦးရေက ၂၀၂၁ သြဂုတ်လ ၁၁ ရက်နေ့မှာ ၁,၄၄၅,၄၇၈,၈၃၇ ယောက်ဖြစ်ကြောင်း ကုလသမဂ္ဂ စာရင်းဇယားတွေအရသိရတယ်။ ၁၄ ဘီလီယံကို အတော်ကြီး ကျော်လွန်လာပြီ ဖြစ်တယ်။ တရုတ်လူဦးရေ ပေါက်ကွဲလျှံကျနေခြင်းဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်မှု ကြီးမားလာစေတယ်လို့ ဆိုနိုင်တယ်။ အထူးသဖြင့် အိမ်နီးချင်း အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေရဲ့နိုင်ငံရေး စီးပွားရေးပြဿနာတွေအပေါ် ဖိအားတွေ သက်ရောက်စေတယ်။ အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း ခေတ်အဆက်ဆက် တရုတ်နဲ့ ဆက်ဆံရေး အဆင်ပြေအောင် အထူးသတိထားခဲ့ရတယ်။

သမိုင်းအတွေ့အကြုံတွေအရ နယ်စပ်ဒေသ အငြင်းပွားမှုကိစ္စတွေကို အခြေအနေ ပိုမိုဆိုးရွားမလာအောင် တရုတ်နိုင်ငံအနေနဲ့ ထိန်းသိမ်းဆောင်ရွက်တဲ့ အစဉ်အလာရှိခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ဆိုတယ်။ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေဟာ ၁၉၄၉ ခုနှစ်မှစပြီး နယ်မြေအငြင်းပွားမှုပေါင်း ၂၃ ခု အနက် ၁၇ ခုကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့တယ်လို့ သိရတယ်။

ဒါပေမဲ့ သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲလုပ်ခဲ့တယ်။  တိန့်ရှောင်ပင်ရဲ့ မူဝါဒက ထိပ်တိုက်တွေ့မှုကို ရှောင်ပြီး ကြောင်လက်သည်းဝှက်ထားသလို နေကြဖို့ လမ်းညွှန်ခဲ့တယ်လို့ ဆိုတယ်။ တရုတ်ရဲ့ စွမ်းအားကို အချိန်မတိုင်မီ ထုတ်ဖော်ပြသတာမျိုးမလုပ်ဘဲ လျှို့ဝှက်ထားဖို့ တိန့်ရှောင်ပင်က လမ်းညွှန်ခဲ့တယ်။ ၁၉၈၀ စုနှစ်တွေမှာ တိန့်ရှောင်ပင် လမ်းညွှန်ချက်အတိုင်း တရုတ်နိုင်ငံက လိုက်နာခဲ့တယ်။ နိုင်ငံတကာအရေးကိစ္စတွေမှာ ပြဿနာ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တယ်။  

မော်စီတုံး လက်ထက်မှာ တရုတ်နိုင်ငံဟာ ကိုယ်ခြေထောက်ပေါ်ကိုယ် ပြန်လည်ရပ်တည်နိုင်ခဲ့တယ်။ တိန့်ရှောင်ပင် လက်ထက်မှာ ကြွယ်ဝချမ်းသာလာခဲ့တယ်လို့ ရှီကျင့်ဖျင်က ဆိုတယ်။ 

သူ့လက်ထက်မှာ တရုတ်နိုင်ငံဟာ အင်အားတောင့်တင်းခိုင်မာလာခဲ့တယ်လို့ ရှီကျင့်ဖျင်က သုံးသပ်ထားတယ်။ တရုတ်နိုင်ငံက သူ့ရဲ့ စစ်ရေးစွမ်းရည် တောင့်တင်းခိုင်မာမှုကို ပြသတဲ့အနေနဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာမှာ လေကြောင်းရန်ကာကွယ်ရေးနယ်မြေ သတ်ချက်ချက် ကြေညာခဲ့တယ်။ လေယာပျံသန်းမှု ကန့်သတ်ဇုန်ထဲမှာ ဂျပန်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ ကျွန်းစုတည်ရှိရာဒေသကိုပါ ထည့်သွင်းပြဋ္ဌာန်းခဲ့တယ်။ ရုတ်တရက် လေကြောင်းပျံသန်းမှု ကန့်သတ်ကြေညာမှုကို ဝါရှင်တန်အစိုးရက ကန့်ကွက်ခဲ့တယ်။ တရုတ်နိုင်ငံက အမေရိကန်ခရီးသည်တင် လေကြောင်းလိုင်းများ ကြေညာထားတဲ့ စည်းမျဉ်းဥပဒေတို့ကို လိုက်နာဖို့ အသိပေး ပြောကြားခဲ့တယ်။ တောင်တရုတ်ပင်လယ်ဒေသရဲ့ အရှေ့မြောက်ဘက် မိုင်တစ်ထောင်ခန့်မှာ အငြင်းပွားနေတဲ့ ဂျပန်အမည် ရှင်ကာကုကျွန်းစု (Senkaku Islands)၊ တရုတ်အမည် ဒိုင်အိုယုကျွန်းစု (Diaoyu Islands) ပိုင်ဆိုင်မှုပြဿနာဟာ နှစ်ပေါင်းတစ်ရာကျော်နေပြီ ဖြစ်တယ်။

၂၀၁၅ ခုနှစ် မေလ အာဆီယံနိုင်ငံများ နှီးနှောဖလှယ်ပွဲ(စင်ကာပူ) မှာ ပါ၀င်တက်ရောက်ဆွေးနွေးခဲ့ တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အက်ရှ်တန်ကာတာက ကျွန်းအတုတွေ ဖန်တီး တည်ဆောက်နေမှုကို ရပ်တန့်ဖို့ ဘေဂျင်းအစိုးရကို သတိပေးပြောကြားခဲ့တယ်။ အက်ရှ်တန်ကာတာက နိုင်ငံတကာဥပဒေများက ခွင့်ပြုထားတဲ့ ပင်လယ်ရေပြင်နဲ့ ဝေဟင် နယ်ပယ်တွေမှာ အမေရိကန်ပြည်ထောင်စုပိုင် စစ်ဘက်ဆိုင်ရာ လေယာဉ်တွေနဲ့ သင်္ဘောတွေ ဆက်လက်ဖြတ်သန်းသွားလာမှာဖြစ်တယ်လို့ ဘေဂျင်းအစိုးရရဲ့ သဘောထားကို ထိပ်တိုက်ဆန့်ကျင် ပြောကြားခဲ့တယ်။ ပင်လယ်ရေပြင်အောက်ရှိ ကျောက်ဆောင် ကျောက်တန်းတွေကို လေယာဉ်ကွင်းအဖြစ် ပြုပြင်ထားခြင်းဟာ အချုပ်အခြာအာဏာ သက်ရောက်ရာ နေရာ မဖြစ်နိုင်ကြောင်း၊ နိုင်ငံတကာရေကြောင်းနဲ့ လေကြောင်းသွားလာခွင့် ပိတ်ဟန့်တားခြင်းဟာ အချုပ်အခြာအာဏာ ပိုင်ခွင့်မှာ အကျုံးမဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တင်းတင်းမာမာ ပြောကြားခဲ့တယ်။  

တရုတ်အစိုးရဟာ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဆီကို ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုအတွက် ရန်ပုံငွေဒေါ်လာ ၆ သန်းကျော် လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ ဖေဖော်ဝါရီ ၁ ရက်က ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အုပ်ချုပ်ရေးအဖွဲ့ရဲ့လက်အောက်မှာ တရုတ်က ပြန်လည်ပူးပေါင်းဆောင်ရွက်တဲ့ လက္ခဏာတရပ်လည်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။ 

ဒီရန်ပုံငွေတွေကို မဲခေါင်-လန်ကန် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အတွင်းက စီမံကိန်းတွေ အတွက် တရုတ်နိုင်ငံကနေ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီရန်ပုံငွေတွေဟာ တိရစ္ဆာန်ကာကွယ်ဆေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သိပ္ပံ၊ ခရီးသွားလုပ်ငန်းနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့လည်း ပါ၀င်နေတယ်လို့ ဆိုပါတယ်။ တနင်္လာနေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နဲ့ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပြီး တရုတ်သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း ဒီလက်မှတ်ရေးထိုးခြင်းကို အတည်ပြုထားတယ်။ မြန်မာစစ်အုပ်စုရဲ့ အတိုက်အခံတွေကတော့ တရုတ်အစိုးရဟာ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ လုပ်ရပ်ကို ကျူးလွန်တဲ့ စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံတယ်လို့ စွပ်စွဲထားကြပါတယ်။ 

ပေကျင်းအစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချလိုက်ပြီး သူဟာ ဒီအကျပ်အတည်းနဲ့ ပတ်သက်ပြီး ဒေသတွင်း သံတမန်ရေးကို ထောက်ခံကြောင်း ပြောကြားခဲ့တယ်။ လတ်တလော နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံဖြတ်ကျော် ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ဖွင့်လှစ်ခြင်းနဲ့ စီးပွားရေးဇုန်များနဲ့ အဓိကဆိပ်ကမ်းဖွံ့ဖြိုးရေးအတွက် စီမံကိန်းတွေနဲ့အတူ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု မြင့်တက်လာခဲ့တယ်။

၂၀၁၉ စက်တင်ဘာ ၁၄ ရက်နေ့ ဂျပန်နိုင်ငံထုတ် Nikkei Asian Review သတင်းစာမှာ အယ်ဒီတာချုပ် Toru Takahashi က တရုတ်-မြန်မာ ဆက်စပ်ပတ်သက်မှုကိစ္စနဲ့ အမေရိကန်ပြည်ထောင်စုအနေအထား ပထဝီနိုင်ငံရေး လေ့လာသုံးသပ်ချက် ဆောင်းပါးတစ်စောင် ရေးသားခဲ့သည်။ မြန်မာနိုင်ငံအတွင်းက အဖြစ်အပျက်တွေဟာ တရုတ်နိုင်ငံအတွက် ပိုမို အကျိုးအမြတ်ရရှိနေတာကို မြင်တွေ့လာရပြီး၊ မြန်မာအပေါ် လူ့အခွင့်အရေးရှုထောင့်ကို အလေးထားနေတဲ့ အမေရိကန်ရဲ့ အမြင်ကို ပြောင်းလာစေတယ်လို့ တိုရူတာကာဟာရှီက သူ့ဆောင်းပါးမှာ သုံးသပ်တင်ပြထားတယ်။  

ဆောင်းပါးမှာ တာကာဟာရှီက အမေရိကန်ဟာ မြန်မာစစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူ ဆောင်ရွက်ချက်များအပေါ် ဆက်တိုက် ဆန့်ကျင်ကန့်ကွက်ခဲ့တယ်။ အမေရိကန်ကုမ္ပဏီတွေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ ပိတ်ပင် တားမြစ်ခဲ့တယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုကို အထောက်အကူပြုတဲ့အနေနဲ့ အမေရိကန်က ဒဏ်ခတ်အရေးယူထားမှုတွေကို တဆင့်ချင်း လျှော့ချပေးခဲ့တယ်လို့ သူ့ဆောင်းပါးမှာ ထောက်ပြထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ မြန်မာနိုင်ငံကို ဦးဆောင်ခွင့်ရလာချိန် ၂၀၁၆ ခုနှစ်မှာ အမေရိကန်က စီးပွားရေးပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းပေးခဲ့တယ်။  

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိပြီး မကြာမီ လူသားချင်းစာနာမှုဆိုင်ရာ အငြင်းပွားဖွယ် ပြဿနာကြီးတစ်ခု ပေါ်ပေါက်ခဲ့တယ်။ ပြဿနာက ၂၀၁၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂလီ (ရိုဟင်ဂျာ)ပြဿနာ ဖြစ်ကြောင်း ဆောင်းပါးမှာ ဖော်ပြထားတယ်။ အဆိုပါ အမှုကိစ္စဟာ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပတ်သက်တယ်လို့ အမေရိကန်က ကောက်ချက်ချပြီး ဒဏ်ခတ် ပိတ်ဆို့မှု အသစ်ချမှတ်ခဲ့တယ်။ ဒါပေမဲ့ တဖက်မှာ အမေရိကန်နဲ့ ဂျပန် ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဟောပြောပွဲတစ်ခု သြဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မှာ ကျင်းပခဲ့တယ်။ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်အားထက်သန်နေကြောင်းလည်း ထိုစဉ်က အမေရိကန်သံအမတ်ကြီး စကော့မာဆီရယ်က ပြောခဲ့တယ်လို့ ဆိုသည်။ ဒီအချက်က အမေရိကန်ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာပြည်ကို စိုးရိမ်ပေမယ့် အခြားတဖက်မှာ သူတို့အဝန်းအဝိုင်းအတွင်း မြန်မာကို ဆွဲခေါ်ချင်နေကြောင်း Toru Takahashi က သုံးသပ်ထားတယ်။ 

တရုတ်က အိန္ဒိယသမုဒ္ဒရာဘက်ဆီ ထွက်ပေါက်ရရေးအတွက် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်လာတဲ့အပေါ် အမေရိကန်က စိုးရိမ်တကြီး စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်လာတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းဟာ တချိန်မှာ သီရိလင်္ကာနိုင်ငံရဲ့ ဟမ်ဘန်တိုတာ ဆိပ်ကမ်းလို ဖြစ်လာမှာကို အမေရိကန်က စိုးရိမ်နေတယ်လို့ အာဆီယံ သံတမန်တစ်ဦးက ပြောကြောင်း ဆောင်းပါးရှင်က ဆိုတယ်။

တရုတ်က အဲဒီဆိပ်ကမ်းကို စစ်ရေးအရ အသုံးပြုလာနိုင်တယ်လို့ အမေရိကန်က သံသယရှိနေကြောင်း (သံတမန်တစ်ဦးကို ကိုးကားပြီး) ဆောင်းပါးမှာ ဖော်ပြတယ်။ ပါကစ္စတန် မှာလည်း ဂွါဒါဆိပ်ကမ်းကို တရုတ်က ၄၃ နှစ် ငှားထားတယ်။ ကျောက်ဖြူဆိပ်ကမ်း၊ သီရိလင်္ကာဆိပ်ကမ်းနဲ့ ပါကစ္စတန်ဆိပ်ကမ်း ၃ ခုဟာ အိန္ဒိယသမုဒ္ဒရာအတွင်း မဟာဗျူဟာ  ဆိပ်ကမ်းတွေ ဖြစ်လာမယ့်အရေးကို အမေရိကန်က စိုးရိမ်နေကြောင်း ဆောင်းပါးရှင်က ဆိုတယ်။  

ဖော်ပြပါ အခင်းအကျင်းကို ကြည့်ရင် တရုတ်နိုင်ငံက မြန်မာပြည်မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေး ကိစ္စကို ဘာကြောင့် အလေးအနက်ထားနေကြောင်း မြင်နိုင်တယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး စီးပွားရေးအခင်းအကျင်း တည်ငြိမ်ဖို့ တရုတ်ပြည်အတွက် အရေးပါသလို၊ တရုတ်နဲ့ အာဏာချိန်ခွင်လျှာညှိနေတဲ့ အိန္ဒိယ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ အာဆီယံနိုင်ငံတွေအတွက်လည်း အရေးပါနေတယ်။ မြန်မာပြည်သူတွေကိုယ်တိုင်လည်း တရုတ်ရဲ့ သြဇာအာဏာချဲ့ထွင်မှု စက်ကွင်းအတွင်းက ရုန်းထွက်ဖို့ အားထုတ်နေချိန်လည်း ဖြစ်တယ်။ တရုတ်ရဲ့ ခေတ်သစ်ကိုလိုနီ စက်ကွင်းအတွင်း မြန်မာနိုင်ငံ ကျရောက်မသွားအောင် ရုန်းကန်နေရကြောင်း တွေ့နိုင်တယ်။ 

ဒီအတောအတွင်း နိုဝင်ဘာ ၁၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာဆွန်းကော်ရှန်းဟာ နစကဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တယ်လို့ မီဒီယာသတင်းတွေအရ သိရတယ်။ နစကဥက္ကဋ္ဌနဲ့ ဆွန်းကော်ရှန်းတို့ တွေ့ဆုံရာမှာ နစကရဲ့ လုပ်ငန်းစဉ် ၅ ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ပြည်သူတွေ ရွေးချယ်တဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ဆက်ဆံရေး အခြေအနေ၊ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ရဲ့ ဆက်ဆံရေးအခြေအနေ၊ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးကိစ္စနဲ့ တရုတ်နိုင်ငံရဲ့ ကူညီဆောင်ရွက်ပေးမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နစက က သတင်းထုတ်ပြန်ခဲ့တယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံ ဆွန်းကော်ရှန်းရဲ့ မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ညှိနှိုင်းတိုင်ပင်ဆွေးနွေးရေးကို ထောက်ခံတယ်လို့ နိုဝင်ဘာ ၁၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ကျောက်လိကျန်းက ပြောဆိုသွားကြောင်း တရုတ်မီဒီယာ CRI မှာ ဖော်ပြတယ်လို့ ဆိုတယ်။ တရုတ်ရဲ့ အမြင်သဘောထားက မြန်မာပြည်သူတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်မထားတာ တွေ့ရတယ်။ 

တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်လိုမှုက ပိုနေမြဲ-ကျားနေမြဲ Status quo ဖြစ်ရေး၊ တနည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအောက် ပြန်သွားရေး ဖြစ်နေတယ်။ အဓိကကတော့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးစီမံကိန်းတွေ ဆက်ပြီး အကောင်အထည်ဖော်ရေးဖြစ်ပြီး၊ တော်လှန်ရေးအင်အားစုတွေကို စစ်တပ်နဲ့ စေ့စပ်ဆွေးနွေးစေချင်တဲ့သဘော ဖြစ်တယ်။  အထူးသဖြင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို အမြန်အကောင်အထည်ဖော်ပြီး အိန္ဒိယသမုဒ္ဒရာဘက် ထွက်ပေါက်ရရေးကို အဆောတလျင် လုပ်လိုတဲ့အတွက် မြန်မာ့တည်ငြိမ်ရေးကို လိုလားနေတာ ဖြစ်တယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို တရားဝင်ဆက်လက် တည်ဆောက်လိုတဲ့အတွက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို မြန်မြန် စေ့စပ် ပြေငြိမ်းစေလိုတာ ဖြစ်တယ်။ 

ဒါပေမဲ့ လက်ရှိ နွေဦးတော်လှန်ရေး ဆင်နွှဲနေကြတဲ့ အင်အားစုများအပါအဝင် မြန်မာပြည်သူတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခိုင်အမာ ကာကွယ်နေကြပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ပြန်မသွားတော့ကြောင်း အတိအလင်း ပြောကြားထာပြီး ဖြစ်တယ်။ နိုင်ငံရေးမှာ ၀န်ထမ်းအဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်ကို ဆက်လက်ပါ၀င်ခွင့်မပေးနိုင်တော့ကြောင်း အဓိက တော်လှန်ရေးအင်အားစုတွေက သဘောထားတွေ ရှင်းရှင်းလင်းလင်း ဖော်ပြနေကြတာ ကမ္ဘာသိကိစ္စ ဖြစ်တယ်။

လာမယ့် ၂၀၂၂ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျ ဥက္ကဋ္ဌနေရာကို ကမ္ဘောဒီးယားနိုင်ငံက ရရှိမှာ ဖြစ်တယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်သြဇာ လွှမ်းမိုးမှုခံနေရတဲ့အတွက် မြန်မာကိစ္စနဲ့ပတ်သက်လို့ တရုတ်အလိုကျ ဆောင်ရွက်ဖို့ ခြေလှမ်းပြင်နေတာ တွေ့ရတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ကမ္ဘောဒီယားဟာ တရုတ်အကြွေး အများဆုံး ရယူထားတဲ့ နိုင်ငံလို့ ဆိုတယ်။

၂၀၂၀ ခုနှစ်တုန်းက ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားကြွေးမြီ စုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းဟာ တရုတ်ထံက ချေးငွေဖြစ်တယ်လို့ ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ကြီးဌာနရဲ့ တာဝန်ခံဝန်ကြီး Vongsey Vissoth က ပြောခဲ့ဖူးတယ်။  ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းများ သုတေသနအဖွဲ့ (BRIC) ရဲ့ တာဝန်ခံဖြစ်သူ Hiroshi Suzuki က Khmer Times သတင်းစာ (Business July 13, 2020) ကို ပြောကြားခဲ့ရာမှာတော့ တရုတ်က ကမ္ဘောဒီးယားအပေါ် တင်ရှိတဲ့ ကြွေးမြီဟာ နိုင်ငံ့ကြွေးမြီစုစုပေါင်းရဲ့ ၄၇ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုတယ်။ ၂၀၂၁ မှာ တရုတ်ကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အထိချေးယူထားတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြတာ တွေ့ရတယ်။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နဲ့ ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာ ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့တယ်။ လာမယ့် ဇန်နဝါရီလဆန်းမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကိုယ်တိုင် နေပြည်တော်ကို သွားဖို့ရှိကြောင်းလည်း သတင်းထွက်နေတယ်။ ဒါကြောင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အလျှော့ပေး လိုက်လျောတာမျိုးမလုပ်ဖို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူ Derek Chollet က တိုက်တွန်းလိုက်တာ တွေ့ရတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်ကို ခေတ္တရောက်ရှိသွားချိန် ဒီဇင်ဘာ ၁၀ ရက်နေ့က အဲဒီလို တိုက်တွန်းခဲ့ကြောင်း သိရတယ်။

“ထိတွေ့ဆက်ဆံတာကို အမေရိကန်က မဆန့်ကျင်ပါဘူး။ မြန်မာနိုင်ငံမှာ ကျနော်တို့ သံရုံးရှိနေဆဲပါ။ ဒါပေမဲ့လည်း ထိတွေ့ဆက်ဆံမှုဟာ ရည်ရွယ်ချက်ရှိဖို့လိုပြီး တန်ဖိုးမဲ့ မဖြစ်ရဘူးဆိုတာ ကျနော်တို့ဘက်မှာ သိပ်ရှင်းလင်းပါတယ်။ လက်တွေ့မှာ စစ်မှန်တဲ့ တိုးတက်မှုရဖို့ ကျနော်တို့ မြင်တွေ့ချင်ပါတယ်” လို့ မစ္စတာ Chollet က ပြောပါတယ်။ (VOA News)

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး မူလအခြေအနေကို ပြန်ရောက်ဖို့ တခုတည်းသော နည်းလမ်းဟာ သက်ဆိုင်သူတွေအကြား ဆွေးနွေးညှိနှိုင်းရေးနဲ့ ရင်ကြားစေ့ရေးကတဆင့်သာ ဖြစ်မယ်လို့ ယုံကြည်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံရုံးက သူတို့ဖေ့စ်ဘွတ်မှာ ရေးထားတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးရစေဖို့အတွက် ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်အတွင်းကနေ အစွမ်းကုန် ကြိုးပမ်းသွားမယ့်အကြောင်း၊ အခက်အခဲ ကြုံတွေ့နေရချိန်တွေမှာ ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါကြောင်း ကမ္ဘောဒီးယားသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

ဘရူနိုင်းနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ကျင်းပခဲ့တဲ့ အောက်တိုဘာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီကို မဖိတ်ကြားခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံစလုံး အစည်းအဝေး တက်သင့်တယ်လို့ ဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားထားတဲ့ အချက်ဟာ တရုတ်နိုင်ငံရဲ့ အလိုကျ ဖြစ်နေကြောင်း မြင်သာတယ်။ ဒီတော့ တရုတ်သြဇာမကင်းတဲ့ (ASEAN) အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မယ့် အလားအလာဟာ တရုတ်ရဲ့ လမ်းညွှန်မှုအတိုင်း ဖြစ်လာဖွယ်ရှိနေပါတယ်။   

အာဆီယံ ဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားအနေနဲ့ တရုတ်မူအတိုင်း မြန်မာ့အရေးကို စေ့စပ်ပေးဖို့ တွန်းအားပေးလိုပုံ ရပါတယ်။ မြန်မာ့အရေး ဆောင်ရွက်ရာမှာ စိတ်ရင်းကောင်းနဲ့ ပါ၀င်ချင်တာ ဆိုရင် မြန်မာပြည်သူလူထုရဲ့ လိုလားတောင်းဆိုချက်တွေကို မြင်အောင် ကြည့်သင့်တယ်။ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေ အဆက်မပြတ် ဖော်ပြနေကြတဲ့ ဆန္ဒသဘောထားတွေကို တရုတ်နိုင်ငံအနေနဲ့ မသိကျိုးကျွံလုပ်နေရင်တော့ ရေရှည်မှာ မြန်မာပြည်သူတွေ ငြိုငြင်တာ ခံရပါလိမ့်မယ်။ အရင်းခံအားဖြင့် ဂျင်နရေးရှင်း-ဇီးတွေ ရှေ့ဆောင်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်အောက်ကို ပြန်မသွားတော့ဘူးလို့ ကြေညာထားတာကို တရုတ်နဲ့ အာဆီယံနိုင်ငံတွေ သတိပြုသင့်တယ်။  အာဏာရှင်တို့ အလိုကျ ဖန်တီးထားတဲ့ အတုအယောင် ဒီမိုကရေစီကို လက်ခံတော့မှာ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ ဒီမိုကရေစီမျိုးကို တောင်းဆိုနေကြတာ ဖြစ်တယ်။ တရုတ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ မြန်မာ့ အိမ်နီးချင်းကောင်း ဖြစ်ကြောင်းပြသလိုရင် မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့ လိုတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ လိုတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချဖို့ လိုတယ်။ မြန်မာပြည်သူတွေဘက်က ရပ်တည်ဖို့ လိုတယ်။ 

အဲဒီလိုမဟုတ်ဘဲ မြန်မာပြည်မှာ စစ်အာဏာရှင်တွေ ပြန်လည်ခေါင်းထောင်ခွင့်ရအောင် ရွှေပြည်အေးတရားဟောပြီး ဥပဒေမူဘောင်အတွင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းဖြင့် အဖြေရှာပါလို့ ပြောနေမယ်ဆိုရင်တော့ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မလေးစားရုံမက ဆန့်ကျင်ရာ ရောက်နေပါလိမ့်မယ်။   ။

ကောင်းဇေလူ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up