Live
Home
မြန်မာသတင်း
မကွေးနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့်ယာဉ်တန်းများ တိုက်ခိုက်ခံရ
DVB
·
December 8, 2021

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ ယာဉ်တန်းတွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီ ယာဥ်တန်းကို ပေါက် - PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီးပြီး တပ်သားတချို့ ထိခိုက်ဒဏ်ရာရတယ်လို့ Pauk-PDF တပ်ဖွဲ့က ပြောပါတယ်။

ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီ ထောက်ပို့ယာဥ်တန်းကို ပေါက်မြို့နယ် ရွှေလှန်ရွာနဲ့ ငါးမုတ်ကြီး ကြား ပခုက္ကူ-မင်းတပ်ကားလမ်းမှာ ဒီကနေ့မနက် ၇ နာရီကျော်လောက် မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ ပေါက်-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်တေဇက ပြောပါတယ်။

“စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်း ၁၃ စီးထွက်လာတာဗျ။ ကား ၆ စီလောက်ကတော့ ရိက္ခာ ကားတွေဖြစ်ပြီး စစ်ကောင်စီတပ်သား အင်အားကတော့များတယ်၊ အတိကျတော့ ခန့်မှန်းဖို့ခက်တယ်။ ရှေ့ ၃ စီးကတော့ ကင်းထောက်အဖြစ် လာရောက်ကာ ကင်းပုန်းတွေ ချပြီးတော့မှ လာကြတာ၊ ကာတစ်စီးကတော့ ထိခိုက်သွားတယ်၊ ဒဏ်ရာရသူအရေတွက်ကိုတော့ မသိရသေးဘူး။ အကြမ်းဖက်စစ်အုပ်စုဘက်က ရမ်းသမ်းပြီးတော့ ပြန်လည်ပစ်ခတ်ပေမယ့်လည်း ကျနော်တို့ ပေါက် PDF ဘက်က အထိအခိုက် အကျအဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်။” 

ဒါ့အပြင် ပေါက်မြို့နယ် ညောင်ပင်သာကျေးရွာ စာသင်ကျောင်း ကျောင်းအုပ်နဲ့ ဆရာမ ၃ ယောက်ကိုလည်း CDM ဆရာ/ဆရာမတွေကို စစ်ကောင်စီအလိုကျ Non CDM လုပ်ဖို့  စည်းရုံးခြိမ်းခြောက်နေတာ မရပ်တန့်ပါက ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မန္တလေး-ရွှေဘိုလမ်းမကြီးတနေရာမှာလည်း ဒီဇင်ဘာ ၈ ရက်နေ့မနက် ၃ နာရီလောက်က စစ်ကောင်စီယာဉ်တန်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားအချို့နဲ့ ရိက္ခာတင်‌ ၁၂ ဘီးကား ၁ စီး ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက “ကျနော်တို့ မိုင်းဆွဲတယ်၊ ပစ်ခတ်တယ်၊ စစ်--တွေဘက်က ပြန်မပစ်နိုင်ဘူး၊ ၃ စီးမိုင်းမိတယ်။ ၁၂ ဘီးကားတစ်စီးကတော့ ဒီနေ့မနက် ၈ နာရီအထိ လာမသယ်နိုင်သေးဘူး၊ ထိခိုက်သေဆုံးတဲ့ အရေအ‌တွက်ကတော့ တိတိကျကျ မသိရဘူး” လို့ ပြောပါတယ်။

စစ်ကိုင်းဘက်ကလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မန္တလေး-ရွှေဘို လမ်းကြီးပေါ်မှာ စစ်ကိုင်းခရိုင်တပ်ရင်း ၁ ဗိုလ်ယက္ခအဖွဲ့က ဗိုလ်ဇာတ်လိုက်တပ်စုနဲ့ ဝက်လက်မြို့နယ်က ပရိုလိုက်အဖွဲ့တို့က  ၇ ရက်နေ့ ည ၈ နာရီ၊ ည ၉ နာရီနဲ့ ဒီနေ့မနက် ၃ နာရီ စုစုပေါင်း ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ဝက်လက်မြို့နယ် မန္တလေး-ရွှေဘိုလမ်းမကြီးပေါ်မှာ စစ်သား ၆၀ ခန့် တင်လာတဲ့ Express ယာဉ်တစ်စီးကို မြို့နယ် ပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၃၀ လောက် ထိခိုက်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) ကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၈ ရက်မနက် ၅ နာရီဝန်းကျင်လောက်က ဖောက်ခွဲရေးနဲ့ အလစ်ငိုက် ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလိုတိုက်ခိုက်တာဟာ ရန်ကုန်၊ ကြည့်မြင်တိုင် အပြစ်မဲ့ဆန္ဒပြပြည်သူတွေကို ကားနဲ့တိုက် ဖြိုခွင်းတာနဲ့ ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာက လက်နက်မဲ့ပြည်သူ ၁၁ ဦးကို မီးရှို့ သတ်ဖြတ်ခဲ့မှု သွေးကြွေးဆပ် လက်တုံ့ပြန်တာလို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ ယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံး ဒဏ်ရာရမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024