အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် နိုင်ငံပေါင်း ၃၈ နိုင်ငံတွင် တွေ့ရှိနေပြီဟု WHO ပြော

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရဲ့  အိုမီခရွန်မျိုးကွဲသစ်ကို ဒေသခြောက်ခုလုံးရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှာ တွေ့ရှိနေရပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တာဝန်ရှိသူတစ်ဦးက  ပြောပါတယ်။

အိုမီခရွန်မျိုးကွဲဟာ ပိုမိုကူးစက်နိုင်တယ်လို့ တောင်အာဖရိကရှိ လတ်တလောဖြစ်နိုင်ခြေတွေက ပြနေပေမယ့်လည်း အဲဒါဟာ ဒလ်တာမျိုးကွဲထက် ပိုမိုကူးစက်ခြင်းရှိ၊ မရှိ အတည်ပြုဖို့ အချိန်လိုအပ်မှာဖြစ်တယ်လို့ WHO ရဲ့ ကိုဗစ်-၁၉ နည်းပညာဆိုင်ရာ ဦးဆောင်သူ မာရီယာဗန်ခါကော့်ဗ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ရောဂါဖြစ်ပွားနိုင်မှုနဲ့ပတ်သက်ပြီး အိုမီခရွန်မျိုးကွဲရဲ့ ကူးစက်ခံရမှုတွေဟာ အပျော့စားကနေ ပြင်းထန်တဲ့အထိ ရှိနေပြီး မျိုးကွဲက အားနည်းသလား၊ အားကောင်းသလားဆိုတာ မပြောနိုင်သေးဘူးလို့ WHO တာဝန်ရှိသူက ပြောပါတယ်။

သီရိလင်္ကာနိုင်ငံမှာ မကြာသေးခင်က နိုင်ဂျီးရီးယားကနေ ပြန်လာတဲ့ သီရိလင်္ကာနိုင်ငံသား တစ်ဦးမှာ အိုမီခရွန်မျိုးကွဲရဲ့ ပထမဆုံးလူနာ ဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့က ပြောပါတယ်။

တောင်အာဖရိက၊ ဘော့ဆွာနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆိုသိုနဲ့  အဲ့စ်ဝါတီးနီနိုင်ငံတို့မှ ဝင်လာတဲ့ ခရီးသွားတွေကို မဖြစ်မနေ သီးသန့်ခွဲထားဖို့ အစိုးရက နိုဝင်ဘာ ၂၈ ရက်မှာ ကြေညာထားပါတယ်။ 

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ လော့က်နာယက်ဂျိုင်ပရာကက်ရှ်နာရာယန်ဆေးရုံ (LNJP) မှာ အိုမီခရွန် မျိုးကွဲ သံသယလူနာ ၁၂ ယောက်ကို အတည်ပြုခဲ့ပြီး သူတို့အားလုံးဟာ ရောဂါတွေ့ရှိတဲ့နိုင်ငံတွေက လာကြောင်း အိန္ဒိယမီဒီယာတွေက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ခုချိန်ထိ အန္တရာယ်များတဲ့နိုင်ငံတွေက ခရီးသွား စုစုပေါင်း ၁၆၀၀၀ ကို စမ်းသပ်ခဲ့ပြီး ၁၈ ယောက်မှာ ကူးစက်ခံ လက္ခဏာတွေ စစ်ဆေးတွေ့ရှိခဲ့ပြီး ဆက်တိုက် ခွဲခြမ်းစိတ်ဖြာမှုကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ နိုဝင်ဘာ ၁၁ ရက်မှ ၂၈ ရက်အထိ ကူးစက်ခံရသူ ၇၄ ယောက်ကို အတည်ပြုပြီးနောက်မှာ ဆေးသုတေသနအင်စတီကျုကနေ ခရိုမိုဇုမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီး ခါရီရီဂျမာလူဒင်က ဆိုပါတယ်။ 

တချိန်တည်းမှာပဲ မက္ကဆီကိုနိုင်ငံရဲ့ကျန်းမာရေး၀န်ကြီးဌာနကလည်း ပထမဆုံး ကူးစက်ခံရမှု ရှိကြောင်း အတည်ပြုခဲ့ပါတယ်။

နော်ဝေနိုင်ငံ မြို့တော် အော်စလိုမှာလည်း ကူးစက်ခံရမှု ၁၂ ခုကို တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ NRK က သောကြာနေ့တွင် ဖော်ပြခဲ့ပါတယ်။

ပြင်သစ်ကျန်းမာရေး ၀န်ကြီးဌာနက နိုင်ငံအတွင်း အိုမီခရွန်ကူးစက်မှု ၉ ခုရှိကြောင်း သတင်းထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

တုံ့ပြန်မှုအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးမှုနဲ့ နယ်စပ်ထိန်းချုပ်ရေး အစီအမံတွေကို အားကောင်းစေဖို့ အကြံပြုထားပါတယ်။

စနေနေ့ကစတင်ပြီး တောင်အာဖရိက၊ မိုဇမ်ဘစ်၊ ဇင်ဘာဘွေ အပါအဝင် နိုင်ငံတွေမှ ပျံသန်းမှုတွေကို နယ်စပ်မှာ သီးခြားနေရာခွဲထားခြင်း အစီအမံသစ်တွေ ချမှတ်သွားမှာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up