
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု (ဒေသအခေါ် ရွှေခဲရိုးကျေးရွာ)အနီးမှာ ဒီဇင်ဘာ ၂ ရက် ဒီမနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲအထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁)၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF နဲ့ KNU တာာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး၊ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က CDM ရဲတပ်သား ၁ ဦး ကျဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစသ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၁ ရက်ကလည်း KNLA တပ်မဟာ(၁)၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီရဲ့ ခလရ(၂) တပ်ကို သွားရောက် တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။