Home
မြန်မာသတင်း
ဆောက်လုပ်ရေးဝန် ဒုဝန်ကြီးနှင့် ပဲခူးတိုင်းဝန်ကြီး အပါအဝင် ၅ ဦးကို စစ်ကောင်စီက အဂတိမှုဖြင့် အမှုဖွင့်
DVB
·
December 2, 2021
259411109_396570645555903_2232675314797353698_n

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်လင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နဲ့ ဦးနေအောင်ရဲမြင့်တို့ ၅ ယောက်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်အရေးယူ ထားတယ်လို့ စစ်ကောင်စီက  ဒီဇင်ဘာ ၁ ရက် မှာထုတ်ပြန်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်လင်းဟာ ၂၀၂၀ ပြည့်နှစ်က  မင်းကင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆောင်ရွက်နေချိန်မှာကျေးလက်လမ်းဖွံ့ဖြိုးရေးအတွက် လမ်းတွေဖောက်လုပ်ခဲ့သလို  ဘုန်းတော်ကြီးကျောင်းတွေကို ဝင်ရောက်ဖူးမြော်စဉ် အလှူငွေနဲ့ ဆန်အိတ်တွေ ပေးအပ်လှူဒါန်းရာမှာ ဝန်ထမ်းတွေ စီစဉ်ပေးတဲ့ ဆန်အိတ် ၆၈ အိတ်ကို ထိုက်သင့်သည့်တန်ဖိုးငွေ ပေးချေခြင်းမရှိဘဲ လက်ခံခဲ့တာဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး  အဂတိလိုက်စားမှု ကျူးလွန်ခဲ့တာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။ 

ပါတီ အောင်နိုင်ရေးမှာအသုံးပြုဖို့ ဆောက်လုပ်ရေး ကုမ္ပဏီတွေထံက စုစုပေါင်း ငွေကျပ် ၃၆၃ သိန်းကျော်ကို လက်ခံပြီး ရွေးကောက်ပွဲစည်းရုံးရေးအတွက် ပါတီအလံ၊ အင်္ကျီ၊ တီရှပ်၊ ဦးထုပ်နဲ့ လက်ကမ်းစာစောင်တွေဝယ်ယူရာတွင် အသုံးပြုခဲ့သလို  ဆောက်လုပ်ရေး ကုမ္ပဏီ(၂)ခုထံမှ ငွေကျပ်သိန်း ၆၀၀ ကို သူ့ရဲ့ ကိုယ်ရေးအရာရှိမှတစ်ဆင့် လက်ခံရယူခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

ကျေးလက်လမ်းဖောက်လုပ်ရာမှာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး (ယခုအမြဲတမ်းအတွင်းဝန်) က ပြည်ထောင်စု အထူး ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေမှ အသုံးပြုဆောင်ရွက်ပေးခဲ့တာ၊ မင်းကင်းမြို့နယ်မှာ ကျောက်အိုးတံတား အသစ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း တည်ဆောက်ခဲ့စဉ်  တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားဦးစီးဌာနရဲ့ ပြင်ဆင် ထိန်းသိမ်းရေး ရန်ပုံငွေမှ ငွေကျပ်သိန်း ၁၂၀၀ နဲ့ အသုံးပြုဆောင်ရွက်ပေးခဲ့ခြင်းတို့ဟာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခြင်းမရှိခဲ့ဖူးလို့လည်းဆိုပါတယ်။ 

ဒါ့အပြင်ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းဟာ တာဝန်ထမ်းဆောင်စဉ် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော် ထံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခရိုင်ရုံး ဆောက်လုပ်ဖို့ အလှူငွေကျပ် သိန်း ၃၀ တောင်းခံခဲ့ကြောင်း၊ ဦးရဲမင်းဇော်က အဆောက်အဦ အထူးအဖွဲ့ ၁၆ ဖွဲ့ရှိ လက်အောက် ဝန်ထမ်းတွေထံက အလှူခံခိုင်းခဲ့ပြီး ရရှိတဲ့ ငွေကျပ် သိန်း ၃၀ ကို ဒုတိယ ဝန်ကြီးဟောင်း ဦးကျော်လင်းထံသို့ ပေးအပ်စေခဲ့တာဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး  တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့ခြင်းဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော် အနေဖြင့် ဦးကျော်လင်း မှ တံစိုးလက်ဆောင်ရယူရာတွင် အားပေးကူညီခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

အလားတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းဝင်းဟာလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ပဲခူးမြို့ရှောင်လမ်း ပြုပြင်တည်ဆောက်ဖို့  တင်ဒါခေါ်ရာမှာ တင်ဒါလက်ခံရေးနဲ့ စိစစ်ရေးကော်မတီက ရွေးချယ်ထားတဲ့ အဆိုပြုငွေကျပ် ၁၄၈၁ သန်းကျော်နဲ့ ကုမ္ပဏီအား ရွေးချယ်ခြင်းမပြုဘဲ ငွေကျပ် ၁၅၁၃ သန်းကျော်နဲ့ ဒုဝန်ကြီးဟောင်း ဦးကျော်လင်းနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီ တစ်ခုကို ရွေးချယ်ပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသန်းဝင်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရနဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်နဲ့  ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်တို့ကိုတော့  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရ သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူတွေဘက်က ပြန်လည်တုံ့ပြန် ချေပ ပြောဆိုဖို့ အခွင့်အရေး မရရှိသေးပါဘူး။ 

Photo- MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024