အာဖရိက ၈ နိုင်ငံမှ လာသည့် နိုင်ငံခြားသားများကို RT-PCR စစ်ဆေးရန် ထိုင်း ထုတ်ပြန်

ကိုဗစ်-၁၉ မျိုးကွဲသစ် Omicron ပိုးကူးစက်မှုဖြစ်ပွားနေတဲ့  အာဖရိကတိုက်  ၈ နိုင်ငံက ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေအနေနဲ့  RT-PCR စစ်ဆေးကြဖို့  ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ထိန်းချုပ်ကွပ်ကဲစီမံရေးဗဟိုကော်မတီက ဒီဇင်ဘာ ၁ ရက်  ဒီကနေ့မှာ ထုတ်ပြန်ပြောကြားပါတယ်။ 

အာဖရိကတိုက် ၈ နိုင်ငံကနေ ထိုင်းနိုင်ငံထဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ မှ ၂၇ ရက်တွေအတွင်း ဝင်ရောက်လာတဲ့ နိုင်ငံခြားသားပေါင်း ၂၅၅ ဦးရှိကြောင်း ၊ အဲဒီထဲက ၃ ဦးပြန်သွားပြီး ကျန်တဲ့  ၂၅၂ ဦးအနေနဲ့ နီးစပ်ရာ အစိုးရဆေးရုံတွေမှာ RT-PCR စနစ်နဲ့ ကိုဗစ်-၁၉ ထပ်မံစစ်ဆေးကြဖို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ထိန်းချုပ်ကွပ်ကဲစီမံရေးဗဟိုကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီးဆင် ဝိစနုယိုးထင်းက ဒီကနေ့မနက်  နေ့စဉ်သတင်းစာရှင်းပွဲမှာ ထည့်သွင်း ပြောကြားပါတယ်။ 

အဆိုပါ နိုင်ငံခြားခရီးသွားဧည့်သည် ၂၅၂ ဦးအနက် ၁၁ ဦးကိုတော့ အဆက်အသွယ်ရပြီဖြစ်ကြောင်း ၊ ကျန်သူတွေအနေနဲ့ Sand Box ( အထူးအလည်အပတ်ထွက်လာတဲ့အုပ်စု ) နဲ့လာတယ်ဆိုရင် ၁၄ ရက် ကွာရန်တင်းဝင်ဖို့ ၊ ပြင်ပရောက်နေသူတွေအနေနဲ့ ၁၄ ရက်မိမိကိုယ်သတိထားစောင့်ကြည့်ပြီး ခရီးသွားလာမှုလျှော့ချဖို့ လည်းမှာကြားပါတယ်။ 

နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်တွေ လိုက်နာကျင့်သုံးဖို့ တိုက်တွန်းကြောင်း ၊ မလိုက်နာသူတွေအနေနဲ့ ထိုင်းနိုင်ငံကူးစက်ရောဂါ ကာကွယ်ရေးဥပဒေနဲ့ ညှိစွန်းပြီးအရေးယူခံရမယ်လို့ ဆိုပါတယ်။  

အဆိုပါ ၈ နိုင်ငံမှာ ဘော့စ်ဆွာနာ၊ အဲ့စ်ဝါတီးနီ (ယခင်ဆွာဇီလန်)၊ လီဆိုသို၊ မာလာဝီ၊ မိုဇမ်ဘစ်၊ နမီးဘီးယား၊ တောင်အာဖရိကနဲ့ ဇင်ဘာဘွေနိုင်င စတဲ့နိုင်ငံတွေဖြစ်ပြီး ထိုင်းက ပြီးခဲ့တဲ့ရက်ပိုင်းကစ ပြည်ဝင်ခွင့်ပိတ်ပင်ထားတာပါ။ 

နိုဝင်ဘာ ၂၈ ရက်နေ့ကစ ထိုင်းထဲဝင်ရောက်လာတဲ့ အာဖရိကတိုက်သားပေါင်း ၇၈၃ ဦးရှိပြီး သူတို့ဟာလည်း ၁၄ ရက် ကွာရန်တင်းဝင်ကာ RT-PCR  သုံးကြိမ် စစ်ဆေးရမယ်လို့ ဒေါက်တာထဝီးဆင်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up