မန္တလေးမြို့အဝင်၊ ပုသိမ်ကြီးမြို့နယ်၊ သန့်စင်ကုန်းရွာထိပ်အနီး မန္တလေး - ပြင်ဦးလွင် အဆင်းလမ်းဘက်မှာ နိုဝင်ဘာလ ၃၀ ရက် ဒီနေ့ မနက် ၈ နာရီခွဲလောက်က ဗုံး ၃ လုံး ဆင့်ပေါက်ကွဲခဲ့ ပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ အရင် တန်ပိုဂိတ်ဟောင်းနေရာဖြစ်ပြီး အဲဒီနေရာမှာ တခါတလေ ယာဉ်ထိန်းရဲတွေ ငွေကြေးကောက်ခံကြတယ်လို့ အနီးနားနေ ပြည်သူတချို့ က ပြောပါတယ်။
“ဗုံးက သုံးလုံးဆင့်ပေါက်တာ။ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ အရင်က အဲ့ဒီနေရာက တန်ပိုဂိတ်ဟောင်းနေရာ အခုအဝေးပြေး ယကက တို့ ယာဉ်ထိန်းတို့ တခါတရံရှိတက်တယ်” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးခဲ့ကြပြီး အောင်ပင်လယ်ရဲစခန်းထိပ်မှာလည်း စစ်ကောင်စီတပ်သား အင်အားအများအပြားနဲ့ ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။