စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တို့မှာ နိုဝင်ဘာ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အရာတော်မြို့နယ်၊ ကမ်းဖြူကျေးရွာအနီးမှာ နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၅ နာရီလောက်က စစ်ကောင်စီယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မဟာမိတ် ၇ ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မနက်စောစော ၅ နာရီလောက်က အိမ်စီးကားနဲ့ လာတာပါ။ အဲဒီအချိန်မှာ စလစ် ၆ လုံး၊ ပစ်မိုင်း ၂ လုံးနဲ့ တိုက်ခိုက်လိုက်တာပါ။ စစ်ကောင်စီဘက်က အသေအပျောက်ရှိနိုင်ပြီး ကျနော်တို့ဘက်က အထိအခိုက် မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။”
စစ်ကောင်စီတပ်သား ၆၀ လောက်ဟာ အရာတော်-မုံရွာလမ်းပေါ်ရှိ ဝါးတန်းရွာစာသင်ကျောင်းထဲ မှာ တပ်စွဲထားပြီး အနီးအနားက အိမ်တွေကို သော့ဖျက်ဝင်ပြီး စားသောက်စရာတွေ ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ပံတို-ကမ္မလမ်းပေါ်မှာလည်း နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပါတယ်။
လက်ပံတို-အရာတော်လမ်းပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေစီးလာတဲ့ အိမ်စီးကား ၁ စီးနဲ့ ဆိုင်ကယ် ၁၀ စီး ယာဉ်တန်းကို မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ မြိုင် PDF တာဝန်ခံတဦးက အတည်ပြု ပြောဆိုပါတယ်။
မိုင်းဆွဲခံရတဲ့အတွက် အိမ်စီးကား ပျက်စီးသွားပြီး ကားပေါ်ပါလာတဲ့ ဗိုလ်လေးအဆင့်ရှိသူ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက မြိုင်မြို့မရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီလက်အောက်ခံ ရဲယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိသူ များပြားတယ်လို့ သိရပေမယ့် သီးခြားအတည်ပြုနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။