Live
Home
မြန်မာသတင်း
ရေစကြိုနှင့်မြောင် တိုက်ပွဲများအတွင်း စစ်တပ်က ၂၀ ကျော်သေဆုံး၊ အများအပြားဒဏ်ရာရ
DVB
·
November 28, 2021

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာကြောင့် ၂၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရွာအနီး နိုဝင်ဘာလ ၂၇ ရက် ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ၇ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ မြောင်အင်အားစုတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

''စကစတပ်သားတွေ စုဝေးလှုပ်ရှားနေချိန်မှာ မဟာမိတ်အဖွဲ့ဖြစ်တဲ့ မြောင်အင်အားစု တော်လှန်ရေးတပ်ဖွဲ့နဲ့ မြင်းခြံအင်အားစုတော်လှန်ရေးတပ်ဖွဲတို့ ပူးပေါင်းပြီး နေရာအသာစီးယူတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးတယ်။ ၄ ဦးကတော့ အပြင်းအထန် ဒဏ်ရာရရှိသွားကြတယ်လို့ မြေပြင်ကနေ သတင်းပေးပို့လာပါတယ်။''

ရေစကြိုက ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မအူရွာက စစ်ကောင်စီတပ်ဖွဲ့တွေ စုဝေးလှုပ်ရှားနေချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီခွဲအထိ ၂ နာရီခွဲနီးပါး ကြာမြင့်ကာ ဒေသခံကာကွယ်ရေးတပ်ပေါင်းစုတွေဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းကလည်း ရေစကြိုကနေ မအူကျေးရွာဆီကို ရေလမ်းကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီမော်တော် ၅ စီးကို  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ပရိမ္မကျေးရွာအနီးမှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၈ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်နဲ့ ညနေ ၄ နာရီလောက် စုစုပေါင်းနှစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဗိုလ်သမန်းကျားက “ပထမတစ်ကြိမ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦး ကျဆုံးပြီး ဒုတိယအကြိမ်မှာ ၇ ဦးကျဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိတာတွေရှိခဲ့တယ်။ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာတွေတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ညကလည်း ပရိမ္မကျေးရွာမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူတော်ကာကွယ်ရေး မဟာမိတ် ၈ ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ Taloke-PDF၊ ပြည်သူ့တပ်မတော်(မြောင်) MUA၊ MGN TIGER၊ MGN RANGER နဲ့ Burmese Guerrilla Force-BGF စတဲ့ ပူးပေါင်းတပ် ၈ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြတာလို့ သိရပါတယ်။

ရေစကြိုနဲ့ မြောင်မြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာမှုနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024