Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးသယ်ဆောင်သူများနှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ် ၆ ဦး သေဆုံး၊ စိတ်ကြွဆေးပြား ၂ သန်းဖမ်းမိ
DVB
·
November 23, 2021
259840563_923313001951582_3090421707442907419_n

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်မှာ နိုဝင်ဘာ ၂၃ ရက် ဒီမနက်က မူးယစ်ဆေးသယ်ဆောင်သူတွေနဲ့ ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပြီး   မူးယစ်သယ်တဲ့အဖွဲ့က ၆ ဦးသေဆုံးကာ စိတ်ကြွဆေးပြား ၂ သန်းနီးပါးဖမ်းမိခဲ့သလို ချင်းမိုင်ခရိုင် မြန်မာနယ်စပ်မှာလည်း နောက်ထပ် စိတ်ကြွဆေးပြား ၂ သိန်းဖမ်းမိခဲ့တယ်လို့  Maesai Press  သတင်းအရ သိရပါတယ်။ 

ထိုင်းကွန်မန်ဒိုအမှတ် (၂) တပ်ဖွဲ့ဝင်နဲ့ စစ်တိုင်းဒေသ (၃) လက်အောက်ခံ အထူး တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေဟာ ဒီမနက် ၄ နာရီလောက်က ချင်းရိုင်ခရိုင် မယ်ဖှာ့လုံမြို့နယ် မယ်ဖှာ့လုံ ကျေးရွာ အုပ်စုတွင်း လုံခြုံရေးယူနေစဉ် မြန်မာနယ်စပ်နဲ့ မီတာ ၁၀၀ လောက်အကွာ ဖာခေါင်ဘွန်တောင် အနီးကနေ လူ ၁၀ ဦးခန့် အထုပ်အပိုးတွေနဲ့ ဝင်ရောက်လာတာတွေ့တယ်လို့  ထိုင်းစစ်တပ် တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ 

သူတို့ကို စစ်ဆေးဖို့အတွက် ရပ်တန့်ခိုင်းရာမှာ တဘက်ကနေ သေနတ်နဲ့စတင်ပစ်ခတ်ခဲ့ကြောင်း ၊ ဒါကြောင့် တာဝန်ရှိသူဘက်က ပြန်ပစ်ရာမှာ ၁၅ မိနစ်လောက်  အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှုအပြီးမှာ သေနတ်ဒဏ်ရာနဲ့သေဆုံး သူ ၆ ဦး၊ အနီးနားမှာ ၉၉၉ အမှတ်တံဆိပ် စိတ်ကြွဆေးပြား တစ်အိတ်ကို ၂ သိန်းစီထည့်ထားတဲ့ အိတ်ပေါင်း ၉ လုံး (စုစုပေါင်း စိတ်ကြွဆေးပြား ၁၈၀၀၀၀၀) ၁ သန်း ၈ သိန်းကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

သေဆုံးသူတွေရဲ့အလောင်းကို လိုအပ်သလိုစစ်ဆေးဖို့ ဆေးရုံခေါ်ဆောင်သွားပြီး နောက်ထပ်ကွင်း ဆက်တွေဖမ်းမိဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။ 

အလားတူ ချင်းမိုင်ခရိုင် မယ့်အိုင်းမြို့နယ် ထာ့ဒွန်းအုပ်စု ထာ့ဒွန်း‌ကျေးရွာအနီးမှာလည်း ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၂ သိန်းဖမ်းမိတယ်လို့  Maesai Press သတင်းမှာ ဖော်ပြပါတယ်။ 

ထာ့ဒွန်းကျေးရွာအနီး ပါကွီတောလမ်းတနေရာမှာ ဒီမနက်စောစောက ရွာသားအသွင် ဝတ်ဆင်ထားတဲ့ လူတချို့ကို  အဝေးကလှမ်းမြင်ရကြောင်း၊ ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်တွေက စစ်ဆေးဖို့သွားရာမှာ လူကိုမတွေ့ရတော့ဘဲ တောထဲမှာပစ်ထားတဲ့ အထုပ်တွေ ၊ ဝါးခြင်းကျားထဲ ထည့်ထားတဲ့ အထုပ်တွေ ပစ်ထားတာတွေ့ရပြီး အထဲမှာ စိတ်ကြွဆေးစုစုပေါင်း ၂ သိန်းဖမ်းဆီးရမိတယ်လို့ ဆိုပါတယ် ။ 

တာဝန်ရှိသူတွေမှ အနီးအနားတဝိုက် ပိုက်စိပ်တိုက်ရှာဖွေရာမှာ ရွာစွန်က အိမ်တစ်လုံးထဲမှာ မသင်္ကာဖွယ် လူ ၃ ယောက်ရောက်ရှိနေလို့ ခေါ်ယူစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Ref- Maesai Press

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024