
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းယိမ်ကျေးရွာအနီး နိုဝင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၈ ယောက်လောက် သေဆုံးသွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။
ကနီမြို့နယ် ကျောက်လုံးကြီးအဖွဲ့ရဲ့ ခေါင်းဆောင်က “မနက်ခင်းပိုင်းတုန်းက သူတို့လာတဲ့ လမ်းကြောင်းကို မိုင်းထောင် တိုက်ခိုက်ခဲ့တယ်။ ၅ ယောက်လောက် ထိခိုက်သွားတယ်။ ညနေကြတော့ တိုက်ပွဲထပ်ဖြစ်တယ်။ အဲပွဲမှာလည်း သူတို့ဘက်က ၃ ယောက်ကျတယ်ဗျ။ စုစုပေါင်း ၈ ယောက် သူတို့ဘက်က ကျတယ်။ သူတို့ဘက်ကတော့ ပြန်လည်ပစ်ခတ်တာ ရှိတယ်။ ကျနော်တို့ဘက်က အကျဆုံးမရှိ ပြန်လည်ဆုတ်ခွာလာနိုင်တယ်”လို့ ပြောပါတယ်။
ကနီမြို့နယ်အတွင်း နိုဝင်ဘာ ၂၂ ရက် မနက် ၈ နာရီလောက်က နတ်လာပို့ကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းက စစ်ကောင်စီရဲ့အမြန်ရေယာဉ်ကို တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ စစ်ကူလာရောက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေ အနေနဲ့ ဘေးလွတ်ရာကို ရှောင်ရတာကြောင့် အထိခိုက်အကျဆုံးကတော့ မသိရသေးပါဘူး။