
ကေအန်ယူ တပ်မဟာ ၁ နယ်မြေ သထုံခရိုင် ဘားအံမြို့နယ်မှာ ကေအန်ယူနဲ့ နယ်ခြားစောင့်တပ် (BGF)တို့ တိုက်ပွဲဖြစ်ပွားရာမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက နိုဝင်ဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၇ ရက် မနက် ၁ နာရီလောက်က ဘားအံမြို့နယ်၊ မဲသနကျေးနယ်အုပ်စု ကျော်ကေခီးကျေးရွာအနီးမှာ အမှတ် ၉၉၉ နယ်ခြားစောင့်တပ်မ၊ အမှတ် ၃ တပ်နယ်မှူး စောလိုက်သိန့်ဦးဆောင်တဲ့ ယာဥ်တန်းကို KNLA တပ်ရင်း ၁ က ပစ်ခတ်တိုက်ခိုက်ရာမှာ VIGO ယာဥ်ပေါ်လိုက်ပါလာတဲ့ BGF တပ်ဖွဲ့ဝင် ၇ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သလို မော်တော်ယာဥ် ၂ စီး ပျက်စီးခဲ့ပါတယ်။၏
အလားတူ မွန်းလွဲ ၂ နာရီကျော်လောက်က ကျော်ကေ့ခီးကျေးရွာနှင့် ဖလံတောင် ကျေးရွာအကြား နို့ပနားပူ ကားလမ်းမပေါ်မှာ အမှတ် ၉၉၉ နယ်ခြားစောင့် တပ်မယာဉ်တန်းကို KNLA တပ်ရင်း ၁ က ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒုတပ်ရင်းမှူးစောကျော်ဖော အပါအဝင် ၃ ဦးကျဆုံးပြီး မော်တော်ယာဥ် တစ်စီးပျက်စီးခဲ့ပါတယ်။
ဘားအံမြို့နယ်၊ ကျော်ကေ့ခီကျေးရွာသားတစ်ဦးက"တိုက်ပွဲကတော့ နေ့တိုင်းဖြစ်တယ်။ ၁၇ ရက်နေ့က BGF က နယ်မြေကျော်လာလို့ နယ်မြေခံလက်နက်ကိုင်တွေနဲ့ဖြစ်တာ။ BGF ကနယ်ကျော်တော့ အပစ်ခံရတာ။ သေတာတော့ ကြားတယ်။ ဘယ်နှယောက်လဲ သေချာမသိဘူး။ ရွာက လူတွေ BGF လာမယ်သတင်းကြားရင် အရင်ထွက်ပြေးတိမ်းရှောင်နေရတယ်"လို့ ဆိုပါတယ်။
KNUတပ်မဟာ ၁ ထိန်ချုပ်နယ်မြေအတွင်း အမှတ် ၉၉၉. တပ်မ တပ်နယ်မှူး စောလိုက်သိန့်ဦးဆောင်တဲ့ BGF တပ်ဖွဲ့ဝင်တွေဟာ ကျူးကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားရာမှာ ဒေသခံပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုး ကျူးလွန်နေတယ်လို့လည်း KNU ကထုတ်ပြန်ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ BGF တပ်ကို KNU က ပစ်ခတ်တိုက်ခိုက်ရင် ကျေးရွာတွေအတွင်း ပြန်လည်ပစ်ခတ်သွားမယ်လို့ ၁၀၁၄ တပ်ရင်းက ဗိုလ်တင်ဝင်းနဲ့ ၊ ဗိုလ်ကြိမ်လုံးတို့က နိုဝင်ဘာ ၁၇ ရက်က လေးကေ BGF တပ်စခန်းမှာ ကျေးရွာရပ်မိရပ်ဖတွေကို ခေါ်ယူခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။