
စစ်ကိုင်းတိုင်း ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ မျက်မြင်တစ်ဦးက “ဒီနေ့လယ် ၁ နာရီလောက် ကလေးမြို့ ပင်လုံရပ်ကွက်ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးကို စစ်ကောင်စီတပ်တွေ လာရောက်ဖျက်ဆီးသွားတယ်။ သူတို့ ကား ၄ စီးနဲ့ လာတယ်၊ ရုံးထဲဝင်ပြီး မွှေနောက်ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။
ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဟာ ပိတ်ထားတာကြာပြီလို့ ဒေသခံ နောက်တဦးက ပြောပါတယ်။
“အဲဒီရုံးက ပိတ်ထားတာကြာပြီ။ ဒီနေ့မှ စစ်ကောင်စီတပ်တွေက လာရောက်ဖျက်ဆီးတယ်၊ ဘာတွေယူသွားတယ်ဆိုတာ မသိရဘူး။ ရုံးထဲထိုင်ခုံတွေ ရိုက်ဖျက်ဆီးတယ်၊ မှန်တွေ ခွဲသွားတယ်။”
ကလေးမြို့မှာ နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ထိ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကာင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပါတယ်။
နိုင်ငံတဝန်း မြို့နယ်အတော်များများမှာ အန်အယ်လ်ဒီပါတီရုံးတွေ ဖျက်ဆီးခံနေရသလို ချိပ်ပိတ်ခံရတာတွေလည်း ရှိပါတယ်။