
မွန်ပြည်နယ် သံဖြူဇရပ်မြို့ ကလိုင်ပဒေါနဲ့ စွတ်ပလောင်လမ်းဝကြား အကွေ့မှာ နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီလောက်က ကားနှစ်စီးတိုက်မိတာကြောင့် ၇ ဦး ဒဏ်ရာရရှိပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Nissan အမျိုးအစား ဟိုက်ဂျက်တစ်စီး စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ရာမှာ တစ်ဖက်ယာဉ်ကြောမှလာတဲ့ ကားတစ်စီးနဲ့ ယာဉ်တိုက်မိမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
ဒဏ်ရာ ရရှိသူတွေနဲ့ သေဆုံးသူတွေကို သံဖြူဇရပ်မြို့ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ကွန်ရက်မိတ်ဖက်အသင်းက သံဖြူဇရပ်ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲက စိုးရိမ်ရသူတစ်ဦးကို မော်လမြိုင်ဆေးရုံကြီးကို စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းက ဆက်လက်ကူညီပို့ဆောင်ပေးခဲ့ပါတယ်။
အဆိုပါ ယာဉ်မောင်းတွေကို ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။