
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှာ ရွာသား ၂ ယောက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းမှာ လာရောက်ဖမ်းဆီးသွားပြီး နောက်မနက်မှာတော့ တယောက်ရဲ့ ရုပ်အလောင်းကို လာယူဖို့ မိသားစုထံ အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါ ကျေးရွာက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်း အထုတ်ခံထားရတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က လာဖမ်းရာမှာ မတွေ့တဲ့အတွက် ဖခင်ဖြစ်သူ ဦးမြင့်နိုင်နဲ့ ဦးလေးဖြစ်သူ ဦးရဲအောင်ကို ဖမ်းဆီးကာ စစ်ကြောရေးကို ခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။
"မနေ့က ညနေ ၄ နာရီလောက်က လာတယ်၊ အင်အား၂၀လောက်နဲ့ ၊ သူတို့ဖမ်းရမယ့်သူကို မတွေ့တော့ ဖအေနဲ့ ဦးလေးကို ဖမ်းသွားတာ။ နောက်မနက်ကျတော့ ဦးလေးရဲ့ အလောင်းကို လာယူဖို့ မိသားစုကို အကြောင်းကြားတာလို့" ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်တွေက တစ်အိမ်လုံးကို မွှေနှောက်ဖျက်ဆီးကာ ကွန်ပျုတာ ၁ လုံး၊ ဖုန်း ၂ လုံးနဲ့ ကျပ်ငွေ ၅ သိန်းကျော်ကိုလည်း လုယူသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ နှစ်ယောက်လုံးဟာ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးမှာပါဝင်ပတ်သက်သူတွေ မဟုတ်ဖူးလို့ ရွာသားတွေထံက သိရပါတယ်။
စစ်ကြောရေးမှာ အသတ်ခံရတဲ့ အသက် ၃၃ နှစ်အရွယ် ကိုရဲအောင်မှာ ဇနီးဖြစ်သူနဲ့ မီးဖွားပြီးတာ ရက်ပိုင်းပဲရှိသေးတဲ့ သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။ ဦးမြင့်နိုင်ကိုလည်း လက်ရှိအချိန်အထိ ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်မှာ စစ်အာဏာရှင် တော်လှန်ရေး ကာလအတွင်း ကျဆုံးသူ ပြည်သူ ၈ ဦး အထိ ရှိနေပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ- CJ