မအူပင်မြို့တွင် ကိုယ်ဝန် ၂ လ အမျိုးသမီးတစ်ဦး ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံး

ဧရာဝတီတိုင်း မအူပင်မြို့မှာ ကိုယ်ဝန် ၂ လနဲ့ အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က သူခိုးစွပ်စွဲကာ ဖမ်းဆီးထားပြီး ရိုက်နှက်စစ်ဆေးတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မအူပင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုဦးစီးမှူးတစ်ဦး နေအိမ်မှာ နို၀င်ဘာ ၉ ရက်​​နေ့က ရွှေထည်၊ ပိုက်ဆံ ပျောက်ဆုံးမှု​ကြောင့် နေအိမ်မှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ စည်ပင်နေ့စားဝန်ထမ်းနဲ့ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်သည် မတင်မော်လင်းကို ခိုးယူတယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့​တာလို့ သိရပါတယ်။

မအူပင်မြို့မရဲစခန်းက နို၀င်ဘာ ၁၀ ရက်​နေ့မှာ မတင်မော်လင်းနဲ့ အမျိုးသားကို ဖမ်းဆီးပြီး တ​နေရာစီခွဲကာ ရိုက်နှက်စစ်ဆေးမှု​ကြောင့် မတင်မော်လင်းမှာ နို၀င်ဘာ ၁၁ ရက်​နေ့က ​သေဆုံး​သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ရိုက်စစ်တာ ကိုယ်ဝန်နဲ့ဆိုတော့ မခံနိုင်ဘဲ သေတာတဲ့။ ရဲတွေက အရက်မူးပြီး တစ်ယောက်တလှည့် ရိုက်တာ။ တားတဲ့သူက တားတာတောင် မရဘူးလို့ စခန်းထဲကပဲ သတင်းပြန်ထွက်လာတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရဲက သူ့ဘာသာ အတက်ရောဂါရှိလို့ သေတာ၊ ဆေးရုံပါတင်ပေးသေးတယ်ဆိုပြီး လိမ်လည်သတင်းထုတ်တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

“တစ်နာရီဆိုလို့ သွားစောင့်ကြည့်နေတာ၊ နာရေးကား မတွေ့တာနဲ့ မသိမသာ လိုက်မေးတော့ အစောကြီးထဲက လူမသိအောင် သင်္ဂြိုဟ်ပြီးသွားပြီလို့ သိရတာ။ သူ့ယောကျ်ားကိုတော့ ဖမ်းထားတုန်းပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

​သေဆုံးသူ မတင်မော်လင်းကို  နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီ နာရေးပို့ဆောင်ဖို့ ကြိုတင်စီစဉ်ထားပေမဲ့ ရဲတပ်ဖွဲ့က သတင်းပျံ့နှံ့မှာကို စိုးရိမ်တာကြောင့် မနက်အစောပိုင်းကတည်းက သင်္ဂြိုဟ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up