Home
မြန်မာသတင်း
စစ်ကောင်စီကို အခွန်ငွေပေးထွက်ခွာသည့် လောင်စာဆီတင်ကား ၁ စီးကို မြိုင် PDF ဖောက်ခွဲ
DVB
·
November 12, 2021

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ် နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀ နာရီလောက်က အကြမ်းဖက်စစ်ကောင်စီကို ဆက်ကြေးပေး အခွန်ဆောင်ပြီး ထွက်ခွာနေတဲ့ ဆီသယ်ဘောက်ဆာယာဥ်တစ်စီးကို ဖောက်ခွဲသတိပေးလိုက်တယ်လို့ မြိုင် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

အဲဒီ ရေနံစိမ်းသယ်ဘောက်ဆာယာဥ်တွေဟာ အကြမ်းဖက်စစ်အုပ်စုကို ရေနံစိမ်း သယ်ယူခွင့် မျှောတစ်စောင်ကို ၁၇ သိန်းကျော်လောက်ပေးဆောင်ပြီး မြိုင်နယ်နဲ့ပေါက်နယ်မှာရှိတဲ့ ရေနံမှော်တွေက ရေနံစိမ်းတွေကို မုံရွာမြို့က ချက်ဖို့တွေကို ပို့ဆောင်နေတာကြောင့် စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်တဲ့ အနေနဲ့နောက်ဆုံးအကြိမ် သတိပေးဖောက်ခွဲခဲ့တာလို့ မြိုင် PDF တပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကားကတော့ ထိခိုက်ပြီးတော့ အဲဒီနားတင် ချက်ချင်းရပ်သွားတယ်ဗျ။ လူတွေကိုတော့ ထိခိုက်အောင်မလုပ်ဘူးပေါ့ဗျာ။ ဒါနောက်ဆုံး သတိပေးတာဖြစ်ပြီးတော့ နောက်ပိုင်းမှ ဒါထက်မှ အခြေနေဆိုးလာရင် ကားသမားတွေရဲ့ အသက်ကိုပါ အာမမခံနိုင်ဘူး။” 

ရေနံစိမ်းသယ် ဆီဘောက်ဆာယာဥ်တွေဟာ အကြမ်းဖက်စစ်အုပ်စုကို အခွန်ဆောင်ရသလို ပေါက်မြို့နယ်/မြိုင်မြို့နယ်တွေကနေ မုံရွာမြို့အထိ ဖြတ်သန်းသွားလာရာလမ်းတလျှောက်မှာ လည်း စစ်အုပ်စုတွေကို ဆက်ကြေးပေးပြီးမှ သယ်ယူပို့ဆောင်ရတာလို့ဆိုပါတယ်။

ရေနံလုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့ သတိပေးတဲ့ အချိန်မှာ လုပ်ငန်းတွေရပ်နားထားဖို့နဲ့ မြိုင် PDF တပ်ဖွဲ့က တစ်ပတ်ကို ၃ ရက်ဖြစ်စေ သတ်မှတ်တဲ့ရက်မှာ အခွန်ပေးဆောင်ပြီးမှ သယ်ယူပို့ဆောင်ရမယ်လို့ ပြောပါတယ်။

“ရေနံဆိုတာလည်း အကြာကြီး လှောင်ထားလို့ မရတာကို ကျနော်တို့ နားလည်းတယ်။ တစ်ပါတ်ကို ၃ ရက်လောက်ထွက်ခွင့်ပေးမယ်။ ထွက်ခွင့်ပေးတဲ့အချိန်မှာထွက် မပေးတဲ့အချိန်မှာ မထွက်နဲ့။ ထွက်ခွင်ပေးတဲ့ အချိန်မှာလည်း ထွက်သမျှကားတိုင်းက ကျနော်တို့ဆီကို ရန်ပုံငွေ အခွန်ငွေရောက်ရမယ်” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့မပတ်သက်ကြဖို့နဲ့ သံသယရှိတဲ့ နေရာတွေကို သွားရောက် မစပ်စုကြဖို့ သတိပေးချက်ထုတ်ပြန်ထားသလို အိမ်စီးကားတွေ၊ ကုန်တင်ကားတွေအနေနဲ့ မှန်ချပြီးမှ ဖြတ်သန်းသွားလာကြဖို့ အကြိမ်ကြိမ် သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024