Home
ဆောင်းပါး
မျိုးတုံးတော့မည့် မြန်မာစစ်အာဏာရှင်စနစ်
DVB
·
November 11, 2021

မီးစာကုန် ဆီခန်းနေတဲ့ စစ်အာဏာရှင်စနစ်ကို ဖက်တွယ်ပြီး မိုက်မဲစွာ နိုင်ငံတော်အာဏာ လုယူခဲ့တဲ့ ဖက်ဆစ်စစ်မိစ္ဆာဘီလူးတွေဟာ ပြည်တွင်းနိုင်ငံ‌ရေးမျက်နှာစာ၊ စစ်ရေးမျက်နှာစာမှာပါ တပြည်လုံး က တိုင်းရင်းသားမိဘပြည်သူအားလုံးနီးပါးက အပြင်းအထန် တုံ့ပြန်ဆန့်ကျင်မှုကို ရင်ဆိုင်ရလို့ နယ်ပယ်အသီးသီးမှာ အရေးနိမ့်နေရသလို နိုင်ငံတကာ သံခင်းတမန်ခင်း စစ်မျက်နှာမှာလည်း ဘယ်နိုင်ငံရဲ့ အသိအမှတ်ပြုမခံရဘဲ ဝိုင်းအကြဉ်ခံရတဲ့ဘဝကို ရောက်ရှိနေပါပြီ။

တကယ်တော့ ၂၁ ရာစုလို သတင်းစီးဆင်းမှု မြန်ဆန်လှတဲ့ နည်းပညာ ဉာဏ်ပညာခေတ်ထဲမှာ ပြည်သူလူထုကို အခြေမပြုဘဲ မကောင်းမှု ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ဖုံးကွယ်မုသားဆို လိမ်ညာ အုပ်စိုးလိုတဲ့ စစ်အာဏာရှင်စနစ်ဟာ ကြာကြာမရှင်သန်နိုင်ပါဘူး။

တိတိကျကျ ပြောနိုင်တာက စစ်အာဏာရှင်စနစ် ရှင်သန်အသက်ဆက်နိုင်မယ့် အခြေခံလိုအပ်ချက် တွေဖြစ်တဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေးအသိရေချိန် နိမ့်ကျမှုနဲ့ အကြောက်တရား လွှမ်းမိုးမှုတွေဟာ ဒီကနေ့ မြန်မာနိုင်ငံမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။ စစ်အာဏာရှင်စနစ်အန္တရာယ်ကို ဘဝပေး အသိအရ နိုင်ငံရေးအသိရေချိန် မြင့်မားလာတဲ့ ပြည်သူပြည်သားတွေမှာ အကြောက်တရားတွေ မရှိတော့တာကြောင့် ဖြစ်ပါတယ်။

တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်အခွင့်ထူးခံ မိစ္ဆာစစ်ဘီလူးတွေနဲ့ နောက်လိုက်လက်ပါးစေ တသိုက်ဟာ ဘယ်သောအခါမှ ပြည်သူလူထုအများစုရဲ့ ထောက်ခံမှုကို မရနိုင်သလို ဘယ်နှကြိမ်ပဲ ရွေးကောက်ပွဲလုပ်လုပ် အမြဲ ရှုံးနိမ့်နေကြရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ အသိုင်းအဝိုင်း အားလုံးဟာ...

၁) နိုင်ငံရေးအသိ၊ ခံယူချက် မမှန်ကန်ဘူး။

၂) ကိုယ်ကျင့်သီလ မစင်ကြယ်ဘူး။

၃) ပြည်သူအပေါ် လက်နက်အားကိုး ဗိုလ်ကျအုပ်ချုပ်လိုတယ်။

၄) အခွင့်ထူးခံလိုတယ်။

၅) တရားဥပဒေအထက် နေလိုတယ်။

၆) တကိုယ်ကောင်းသာ ကြည့်ပြီး အတ္တကြီးမားတယ်။

၇) သမိုင်းကြောင်းမကောင်းဘူး။

၈) ဒီမိုကရေစီစနစ်၊ အများဆန္ဒနဲ့ မဲပေး ဆုံးဖြတ်တာကို လက်မခံလိုဘူး။

၉) ပြည်သူအများစုအပေါ် စေတနာမရှိဘူး။

၁၀) တိုင်းပြည်အပေါ်ရိုးရိုးသားသားနဲ့ ကောင်းကျိုးပြုခဲ့တဲ့တာဆိုတာ ဗလာနတ္ထိ ဘာမှမရှိဘူး။

၁၁) ပြည်သူလူထုကို သေနတ်နဲ့ ပစ်သတ်တယ်။

၁၂) ကျောင်းသား ကိုသတ်တယ်။

၁၃) ရဟန်းသံဃာကို သတ်တယ်။

၁၄) တိုင်းရင်းသားတွေကို စစ်ပွဲတွေနဲ့ သတ်တယ်။

၁၅) နိုင်ငံရေးအတိုက်အခံတွေကို ဖမ်းဆီးထောင်ချ ညှဉ်းဆဲသတ်ဖြတ် အညွန့်ချိုးတယ်။

၁၆) အမှားကုဋေကုဋာနဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဝန်မခံဘူး။ တာဝန်မခံဘူး။

၁၆) တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို စနစ်တကျ ဖျက်ဆီးတယ်။

၁၇) တိုင်းပြည်ရဲ့ စီးပွားရေးကို ဖျက်ဆီးဆုတ်ယုတ်စေခဲ့တယ်။

၁၈) ကိုယ်တိုင်လည်း အဂတိလိုက်စားတယ်။ အကျင့်ပျက် ခြစားမှုကို ကြီးထွားစေတယ်။

၁၉) တိုင်းပြည်သယံဇာတတွေ ရောင်းစားပြီး ကိုယ်ကျိုးရှာတယ်။

၂၀) ပြည်သူ့ဘဏ္ဍာတွေနဲ့ ချမ်းသာအောင် လုပ်တယ်။

၂၁) ပြည်သူ အလိုမတူဘဲ နိုင်ငံ‌တော်အာဏာကို ဓားပြတိုက် လုယူတယ်။

၂၂) ပြည်သူအများစု အလိုမတူဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဇွတ်အတည်ပြုပြဋ္ဌာန်းတယ်။

၂၃) ပြည်သူတွေရဲ့ မြေယာတွေ အဓမ္မသိမ်းလုယူတယ်။

၂၄) မျိုးချစ်စိတ်ကို အသုံးချပြီး နားမလည်သူတွေကို လမ်းမှားခေါ်တယ်။

၂၅) ဘာသာရေး၊ လူမျိုးရေး အသုံးချပြီး လမ်းမှားခေါ်တယ်။

၂၆) စစ်အခွင့်ထူးခံ အတွေးအခေါ်ကို ကူးစက်ပြန့်ပွားစေတယ်။

၂၇) စစ်ပွဲတွေ ဆင်နွှဲပြီး ငြိမ်းချမ်းရေး မရအောင် နည်းအမျိုးမျိုးနဲ့ ဖျက်ဆီးဟန့်တားတယ်။

၂၈) စစ်ကို အရင်းပြုပြီး လုပ်စားတယ်၊ မကောင်းမှုနဲ့ ကြီးပွားချမ်းသာအောင် လုပ်တယ်။

၂၉) မကောင်းမှု အညစ်အထေး ငရဲတစ်ပိဿာလုပ်ပြီး ကုသိုလ်တပဲ ဆိုသလို ဟိုလှူပြ ဒီလှူပြ၊ စေတီတည်ပြ လုပ်ပြီး မသိနိုးနား လူရှင်ရဟန်းတွေကို လှည့်စားစည်းရုံးတယ်။

၃၀) မဟုတ်မမှန် မုသားစကားဆိုပြီး ပြည်သူကို လိမ်ညာတယ်။

၃၂) ရှေ့နောက်မညီတဲ့စကား သိက္ခာမဲ့စကား ဆိုတယ်။

၃၁) သမိုင်းဖြစ်ရပ်မှန်တွေကို ဖုံးကွယ်တယ်။

၃၂) မကောင်းတာ ပြုရမှာ မရှက်မကြောက်၊ ဟီရိသြတ္တပ ကင်းမဲ့တယ်။

၃၃) လူ့ဂုဏ်သိက္ခာကို မြေမှာ ချနင်းစော်ကားပြီး လူကို လူလို အသိအမှတ်မပြုဘူး။

၃၄) လူ့အခွင့်အရေးချိုးဖောက်တယ်။

၃၅) တရားမျှတမှုကို မဖော်ဆောင်ဘဲ ဥပဒေမစိုးမိုးအောင် စီမံတယ်။

၃၆) ဉာဏ်အမြော်အမြင်နည်းပါးပြီး မိုက်မဲရမ်းကားတဲ့ မကောင်းမှုကံ ၃ ပါးကိုသာ ကျူးလွန် တတ်တယ်။

၃၇) လူတန်းစားအလွှာအသီးသီးနဲ့ ပြဿနာဖြစ်ပြီး အားလုံးရဲ့ ဘုံရန်သူဖြစ်အောင် နေတယ်။

၃၈) အကြမ်းဖက် ဗိုလ်ကျစီးပိုးတယ်။

၃၉) ကိုယ်နဲ့ မထိုက်တန်တဲ့ အာဏာနဲ့ ဥစ္စာအတွက် မလုပ်ရဲတာ ဘာမှ မရှိဘူး။

၄၀) မကောင်းတာလုပ်ပြီး ဗေဒင်နက္ခတ် ယတြာချေတယ်၊ နတ်စိမ်း ကိုးကွယ်ပသတယ်။

၄၁) အုပ်စုဖွဲ့ ဂိုဏ်းဂဏအစွဲ အစ်ကိုကြီး ညီလေး မျက်နှာလိုက်တယ်။

၄၂) ဖြောင့်ဖြောင့်မတ်မတ် မလုပ်တတ်ဘဲ ရိုးသားစိတ် ကင်းမဲ့တယ်။

၄၃) ကတိမတည်ကြည်ဘဲ ပေးခဲ့တဲ့ကတိတွေ အကြိမ်ကြိမ်ဖျက်တယ်။ ကိုယ်ထွေးတဲ့ တံတွေး ပြန်မျိုချတယ်။

၄၄) မှားနေတာသိပေမဲ့ အမှားပြင်လိုစိတ်မရှိဘဲ ဆက်ပြီး အထပ်ထပ်အခါခါ အမှား ဆက်ကျူးလွန်တယ်။

၄၅) ကျေးဇူးတရား မသိတတ်ရုံသာမက ဇာတ်တူသားပါ စားတယ်။

၄၆) ပြည်သူအပေါ် သစ္စာစောင့်သိမှု မရှိဘူး။

၄၇) ပြည်သူအပေါ်  ဗြဟ္မစိုရ်တရား ၄ ပါးနဲ့ မအုပ်ချုပ်ဘူး။

၄၈) ပြည်သူအပေါ် အကြောက်တရား ဖန်တီးအုပ်ချုပ်တယ်။

၄၉) ပြည်သူ့ဆန္ဒကို အမြဲဆန့်ကျင်တယ်။

၅၀) ပြည်သူကို ဆင်းရဲနွံတွင်းထဲ တွန်းချယုံမက ဒုက္ခပင်လယ်ဝေစေ မျက်ရည်ကျစေတယ်။

ဒီလိုလူမျိုးတွေဟာ ဘုရားမကြိုက်၊ နတ်မကြိုက်၊ သူတော်ကောင်းတွေ မကြိုက်မနှစ်သက်တဲ့ သူမျိုးတွေ ဖြစ်သလို ဘုရားတောင် ကယ်လို့မရအောင် တွင်းတူးမိုက်မဲသူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ ပေါင်းဖော်တဲ့ လူ၊ ရှင်၊ ရဟန်း၊ ဘုန်းတော်ကြီး၊ နာမည်ကြီး ဘာသာရေးခေါင်းဆောင် ဖြစ်ပါစေ၊ ငါးပုပ် အသားပုပ်ကို ထုပ်ပိုးမိတဲ့ ဖက်ရွက်ဖြစ်ဖြစ်၊ ပိုးဖဲကတ္တီပါ ဖြစ်ဖြစ် အပုပ်နံ့ ကူးစက်ပျက်စီးရတတ် တာကို သီတဂူနဲ့ မဘသ‌‌ဘုန်းကြီးတွေအဖြစ်က သက်သေပြခဲ့ပါပြီ။

ကံမကောင်း အကြောင်းမလှစွာ ၁၉၆၂ ခုနှစ်မှာ စစ်ဖိနပ်အောက် ကျရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံတော်မှာ နှစ်ပေါင်း ၆၀ နီးပါးအတွင်း စစ်အာဏာရှင်စနစ်အောက်မှာ တရားဥပဒေ မစိုးမိုးခြင်း ဆိုတဲ့ အဆိပ်ပင်ကြီးက အသီးအပွင့်တွေလို့ ပြောရမယ့် စစ်ဂျပိုး လူဂျပိုးတွေဟာ လူသူတော်ကောင်း၊ ရှင်သူတော်ကောင်း၊ တပ်မတော်သားကောင်းတွေရဲ့ နေရာလု၊ နိုင်ငံတော်ရဲ့ အိမ်ဦးခန်းမျက်နှာစာတွေထက်မှာ နိုင်ငံအချုပ်အခြာအာဏာ တည်မြဲရေး၊ အမျိုးဘာသာ သာသနာ တည်တံ့ပြန့်ပွားရေး စတဲ့ စကားလုံးတွေကို ပါးစပ်ကသာ ကျယ်ကျယ်လောင်လောင် ဟစ်ကြွေးခဲ့ကြပါတယ်။

လက်တွေ့မှာ တကယ်မကျင့်ကြံဘဲ သူတို့ရဲ့ အခွင့်ထူးခံခွင့် တည်မြဲအောင် လူမျိုးရေး မုန်းတီးမှု၊ ဘာသာရေး မုန်းတီးမှုဖြစ်အောင်၊ ညီညွတ်မှုတွေ ပြိုကွဲအောင် မျက်နှာဖုံးစွပ် ခြေပုန်းခုတ်နေရာက အခုတော့ ပြည်သူက တင်မြှောက်တဲ့ တရားဝင်အစိုးရထံက အာဏာလုယူပြီး ဗြောင်လုပ်ဆောင်နေ ကြပြီ မဟုတ်လား။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် Generation Z ဂျန်ဇီလို့ ခေါ်ကြတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ အတတ်ပညာ၊ နည်းပညာ‌ခေတ်၊ အိုင်တီခေတ်ကြီးမှာ ၁၉ ရာစုက ဟောင်းနွမ်းနေတဲ့၊ ‌‌လက်နက်နဲ့ အကြမ်းဖက် ဗိုလ်ကျချင်တဲ့ စစ်အာဏာရှင်စနစ်ဆိုးဟာ မရှင်သန်နိုင်တော့ပါဘူး။

အာဏာလုခဲ့တာ ၉ လကျော်၊ ၁၀ လထဲ ဝင်နေတာကို ပြည်တွင်း ပြည်ပ ဘယ်နိုင်ငံကမှ အသိအမှတ်ပြုမခံရတဲ့ စစ်အခွင့်ထူးခံတွေအတွက် အချိန်များများစားစား မကျန်တော့ပါဘူး။ ဘာလုပ်လုပ် မအောင်မြင်ဘဲ လှုပ်လေ မြုပ်လေ ဖြစ်လာတဲ့ အာဏာလုစစ်ကောင်စီမှာ နိုင်ငံတော်အာဏာ ၃ ရပ်စလုံး အသက်မဝင်သလို သူတို့ကို ထောက်ထောက်ခံ ဝိုင်းရံနေသူတွေဟာ လည်း တနေ့တခြား လျော့ပါးနေပါပြီ။ ဘဏ္ဍာငွေကြေးတွေ ခန်းသထက်ခန်း၊ လက်နက်ရိက္ခာတွေလည်း လျော့သထက် လျော့လာတာအပြင် အဆိုးဆုံးက သူတို့ရဲ့ စိတ်ဓာတ်ယိမ်းယိုင်လာတာဟာ တနေ့ထက်တနေ့ ထင်ရှားသထက် ထင်ရှားလာနေပါပြီ။

အဘက်ဘက်က ညွှန်ပြနေတဲ့ လက္ခဏာတွေအရ ရောဂါကျွမ်းပြီး ဆေးမမီတော့တဲ့ လူမမာလို မီးစာကုန် ဆီခန်းနေတဲ့ မြန်မာစစ်အာဏာရှင်စနစ်ဟာ အလွန်ဆုံးခံနိုင်လှ ၃ လလောက်သာ ကျန်မှာမို့ အာဏာလုသက်တမ်း ၁ နှစ်သားမပြည့်ခင် ကမ္ဘာပေါ်ကနေ မျိုးတုံးပျောက်ကွယ်မှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024