
မကွေးတိုင်း၊ ဂန့်ဂေါမြို့အနီးက ဂန့်ဂေါ-ကလေး ကားလမ်းမှာ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ချင်းပြည်နယ် မင်းတပ်-မတူပီ ကားလမ်းမှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ မင်းတပ် CDF တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါ-ကလေး ကားလမ်းပေါ်မှာ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဆောင်ရွက်နေတယ်လို့ People Defense Force- GanGaw Battalion မှ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ချင်းပြည်နယ် မင်းတပ်- မတူပီ လမ်းမိုင်တိုင် ၁၉ အနီးမှာလည်း နိုဝင်ဘာ ၈ ရက်နေ့ နေ့လယ် ၁ နာရီကျော်လောက်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မင်းတပ် CDF တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေဆုံးခဲ့ပြီး သံချပ်ကာအမြောက်ကား ၁ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ CDF အဖွဲ့ဝင်တစ်ဦးဆီက သိရပါတယ်။
မင်းတပ်မြို့က ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်း အစီး ၇၀ ကျော်ကို CDF မင်းတပ်က ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂ ရက်နေ့က ၈ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံးခဲ့တယ်လို့ CDF-မင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။