
မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း မြို့ဦးလွင်စေတီအနီးမှာ နိုဝင်ဘာ ၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က မိုင်းလာရှင်းတဲ့ စစ်ကောင်စီတပ်က စစ်ကားနှစ်စီး မိုင်းခွဲခံရပြီး ထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက "အဲ့နားမှာ မိုင်းရှိတယ်ဆိုပြီး လာရှင်းတာ၊ အဲ့အချိန်မှာကွဲတာ။ ကားတစ်စီးပျက်စီးသွားတယ်၊ လမ်းဘေးမှာရပ်ပြီးပြင်နေတာအကြာကြီးပဲ။ ကားတောင်ထိတယ်ဆိုတော့ ကားပေါ်ကလူတွေလည်း ထိတယ်ကြားတယ်၊ ဒါပေမယ့် မြင်လိုက်တဲ့သူ သိပ်မရှိလို့ ထိခိုက်တာကို အတိအကျမသိရဘူး" လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ချိန်မှာ အနီးနားမှာမြင်တွေ့သူမရှိတဲ့အပြင် စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်တာကြောင့် ထိခိုက်သေဆုံးမှုကို မသိရဘူးလို့ ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကားတစ်စီးက အနောက်ပိုင်းကျပ်ပြင်ကို ပြန်သွားပြီးနောက် မိုင်းထိထားတဲ့တစ်စီးက လမ်းဘေးမှာ အချိန်အကြာကြီး ရပ်ထားခဲ့တယ်လို့ သိရပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းလမ်းမ ရွှေလိပ်ပြာဟော်တယ်အနီးနဲ့ မြို့ဦးလွင်စေတီ၊ အံ့မခန်းတောင်ရိပ်သာတွေမှာ စစ်ကောင်စီတပ်တွေက နှစ်ယောက်၊ သုံးယောက်စုပြီး ရှိနေကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းကလည်း မကွေးတိုင်း ရေစကြိုမြို့ ပခန်းကြီးမြို့ဟောင်း နဲ့ ပခန်းငယ်ကျေးရွာကြားမှာ ရေလယ်ကျွန်းက ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၁ ယောက်ဟာ လက်နက် အပြည့်အစုံနဲ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်လောက်မှာ ရောက်ရှိလာပြီးနောက် ညနေပိုင်း မင်းရွာ၊ ထန်းတောကျေးရွာကနေ စက်လှေနဲ့ ရေစကြိုမြို့ဘက်ကို ည ၈ နာရီလောက် ပြန်လာကြစဉ် ပခန်းငယ် ကျေးရွာ အကျော်လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြိုမြို့ PDFနဲ့ နီးစပ်သူတစ်ဦးက “ပခန်းငယ်ရဲစခန်းက အဲ့မှာ ယာဉ်တန်းနဲ့ အပြန် ပခန်းကြီး မရောက်ခင်မှာ မိုင်းဆွဲခံရတာ အထိအခိုက်တော့များမယ်ထင်တယ်” လို့ ပြောပါတယ်။
ရေစကြို PDFအဖွဲ့တွေဟာ နိုဝင်ဘာ ၄ ရက်နေ့က ပျူစောထီးနဲ့ ဒလန်ရှင်းဖို့အတွက် သွားရောက်ရာမှာ ပြည်သူတစ်ချို့က ထွက်ကြည့်တဲ့အတွက် မိုးပေါ်ထောင်ပစ်ပြီး သတိပေးတာသာ ပြုလုပ်ခဲ့ရပြီး ပြည်သူတွေအနေနဲ့ ဒလန်၊ ပျူစောထီး၊ စစ်ကောင်စီ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝေးဝေးက ရှောင်ရှားဖို့နဲ့ စပ်စုတာမလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။