စစ်ကိုင်းတိုင်း ကနီနဲ့ အရာတော်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူကာကွယ်ရေးကာကွယ်ရေးတပ်တို့ ကနီမြို့အထွက် ရေဝါ ချောင်းတံတားအနီး၊ ရှမ်းမြှောင်းကျေးရွာအနီး နိုဝင်ဘာ ၃ ရက်နေ့ မနက် ၆ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဖြစ်တာက သူတို့ဘက်က ရိက္ခာကုန်ရင် နယ်ထွက်ပြီး ပြည်သူတွေရဲ့ ဆန်ဆီတွေယူတယ်။ အိမ်တွေမွေနှောက်ပြီး တွေ့တာ အကုန်ယူတော့တာပဲဗျ။ မုဆိုးမအိမ်တောင်အလွှတ်မပေးဘူး။ ကျနော်တို့ ရှမ်းမြောင်းရွာအလာမှာ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ဆွဲမိုင်းကို သူတို့စီးလာတဲ့ ဆိုင်ကယ်နဲ့ချိတ်ပြီး မိုင်းကပေါက်ကွဲသွားတယ်။ အသံကတော့ အကျယ်ကြီး ကြားလိုက်ရတာဗျ။ မိတာကတော့ ၈ ယောက် ၉ ယောက်လောက်ထိ တယ်ပေါ့။ အခြေအနေ စိုးရိမ်ရတဲ့သူ ၃ ယောက်လောက်ရှိမယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ အကျဆုံး မရှိဘူး” လို့ ရှမ်းမြောင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာအနီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အကြိမ်ရေ အမြောက်အမြား ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အရာတော်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်တွေက နောင်ကြီးအိုင်ကျေးရွာက တောင်ယာအတွင်း ပေါင်းနုတ်သွားတဲ့သူတွေနဲ့ ညောင်ပင်ကန်ကျေးရွာသားတွေကို နိုဝင်ဘာ ၃ ရက်နေ့ မနက်က သူတို့သွားရာလမ်းကြောင်းမှာ လမ်းပြအဖြစ် လူသားဒိုင်းလုပ်ကာ ဖမ်းဆီးခေါ်ဆောင်တယ်လို့ ဒေသခံတွေစီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက ”ရွာတရွာနဲ့ တရွာသွားတိုင်းအရပ်သားပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ပြီးမှသာ သွားကြတော့ ရွာသားတွေ အကုန်ကြောက်နေရတယ်။ ဘယ်ယာခင်းမှ မသွားရဲကြသလို၊ သူတိုလာရင် ရွာသားတွေ အကုန်ထွက်ပြေးနေရတော့ ဘာအလုပ်မှ မလုပ်ရဘူး။ ကြာရင် အကုန်ငတ်သေကုန်ကြတော့မှာဗျ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ အရာတော်နယ်မြို့နယ် ကျေးရွာတွေက ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ စားသောက်စရာတွေ လုယူတာ၊ အိမ်တွင်း ပရိဘောဂ ဖျက်ဆီးတာတွေကို နေ့စဉ်လိုလို ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။