
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ ရှိနေသေးတဲ့အတွက်ကြောင့် မွန်အမျိုးသားစာသင်ကျောင်းတွေကို ပြန်လည် ဖွင့်နိုင်ခြင်း မရှိသေးဘူးလို့ မွန်အမျိုးသား ပညာရေး ကော်မတီ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။
မွန်အမျိုးသားစာသင်ကျောင်းတွေဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စာသင်ကျောင်းပေါင်း ၁၃၀ ကျော် ရှိနေတာ ဖြစ်ပြီး အဲဒီကျောင်းတွေမှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသား ၁၀၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကူးစက်မှု ကာလအတွင်း မွန်အမျိုးသားစာသင်ကျောင်းတွေက ကျောင်းသူ၊ ကျောင်းသား ၄၀၀ နီးပါး ရောဂါ ကူးစက်ခံလိုက်ရတာဖြစ်ပြီး တချို့ကတော့ ပြန်လည် ကောင်းမွန်လာပါတယ်။
ကျောင်းသားမိဘတွေက ရောဂါကူးစက်မှု တချို့ကျန်ရှိနေသေးတဲ့အတွက်ကြောင့် ကလေးတွေကို ကျောင်းလွှတ်ဖို့ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
မွန်အမျိုးသားစာသင်ကျောင်းတွေဟာ ပြန်မဖွင်နိုင်သေးတဲ့ကာလမှာ ကျောင်းသူ၊ကျောင်းသားတွေ ပညာသင်ယူခွင့် မဆုံးရှုံးဖို့အတွက် နေအိမ်တွေမှာ စာသင်ကြားနိုင်တဲ့ Home Base Learning အစီအစဉ်နဲ့ သင်ကြားပေးသွားမယ်လို့ ကျောင်းဆရာ တစ်ဦးက ပြောပါတယ်။
မွန်အမျိုးသားစာသင်ကျောင်းတွေက ပြည်တွင်း၊ပြည်ပအလှူရှင်တွေနဲ့ ရပ်ရွာဒေသက အလှူငွေတွေနဲ့ မှီခိုရပ်တည်နေရတဲ့ အတွက်ကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ မွန်အမျိုးသားစာသင်ကျောင်းတွေကို စစ်ကောင်စီက အကူအညီ တစ်စုံတစ်ရာ ထောက်ပံ့ပေးတာ မရှိဘူးလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံတဝန်း နိုဝင်ဘာ ၁ ရက်နေ့ကစပြီး မြို့နယ် ၄၆ မြို့နယ်လွဲလို့ ကျန်မြို့နယ် အားလုံးက အခြေခံပညာကျောင်းတွေကို ပြန်လည် ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာပါ။
ဒါပေမဲ့ နေပြည်တော်နဲ့ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်ဒေသတွေမှာ ကျောင်းသူကျောင်းသားတွေ အနည်းငယ်သာ ကျောင်းတက်တာ တွေ့ရခဲ့ရပြီး ရန်ကုန်မှာလည်း ကျောင်းလာတက်တဲ့ကျောင်းသားတွေ မရှိသလောက်နည်းပါး တယ်လို့ ဒေသခံတွေက ပြောပါတယ်။