ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့မှာ အောက်တိုဘာ ၂၅ ရက် ညပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့် MNDAA တို့အကြား ၄၅ မိနစ်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ကားနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
မနေ့ည ၉ နာရီ ၄၅ မိနစ်လောက်က တိုက်ပွဲ စဖြစ်တာ ၁၀ နာရီခွဲ လောက်မှ တိုက်ပွဲ ရပ်သွားပြီး လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။
"အသင်းသား နေအိမ် ခြံဝင်းမှာ ကျည်တွေ ကျတယ်။ ကားနဲ့ မှန်တွေရော အကုန်ထိကုန်တာ။ လူကတော့ ဘာမှ မဖြစ်ဘူး။ တခြားအိမ်တွေလည်း ထိတယ်။ ထိသွားတဲ့ အိမ်အားလုံးကို လိုက်မကြည့်နိုင်သေးဘူး။ တရုတ်အိမ်လည်း အိမ် ၃ အိမ်လောက်ထိတယ်။ ။ " လို့ မြို့ခံ တဦးက ပြောပါတယ်။
အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီလောက်ကလည်း မုံးကိုးမြို့အနီးမှာ တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း၊ ဖောင်းဆိုင်ဒေသမှာလည်းစစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ဒေသခံတွေကို သွားလာခွင့် ပိတ်ပင်ထားလို့ အမှည့်လွန်စပါးတွေ ရိတ်သိမ်းလို့ မရပဲ အခက်အခဲ ကြုံနေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။
လတ်တလော ကြူကုတ် (ပန်ဆိုင်း)မြို့မှာ နေ့စဉ်နီးပါး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်းနောက်ထပ်ဒေသခံတယောက်ကလည်း ပြောပါတယ်။
"ပန်ဆိုင်းမှာ ဖြစ်တာ။ ရဲစခန်းလည်း လာပစ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း လှုပ်ရှားသွားလာနေတာတွေ့ရတယ်။"
ကြူကုတ် (ပန်ဆိုင်း) မြို့နယ်မှာ ဩဂုတ် ၄ ရက်ကနေ အောက်တိုဘာ ၂၅ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် လက်နက်ထိမှန် သေဆုံးခဲ့သူ အမျိုးသမီး ၅ ဦး ရှိပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သူ အမျိုးသမီး ၁ ဦးရှိကာ ကားနဲ့ ဘုရားကျောင်း အပါအဝင် အရပ်သားပြည်သူတွေရဲ့ နေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။