ချင်းပြည်နယ် ရေဇွာမြို့မှာ အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၃ လုံးမီးလောင်ပြီး ၂ လုံး မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မတူပီမြို့နယ် ရေဇွာမြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ မြို့ပေါ်ရပ်ကွက်က နေအိမ်တွေကို ညနေပိုင်းကတည်းက လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာဖြစ်ပြီး နေအိမ် ၃ လုံးကို လက်နက်ကြီးကျည်ကျပြီး မီးလောင်ကျွမ်းခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ မြို့ခံတွေ ဝိုင်းဝန်းငြှိမ်းသတ်ပေမဲ့ နေအိမ် ၁ လုံးကိုသာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မတူပီ-မင်းတပ် ကားလမ်းမှာလည်း အောက်တိုဘာ ၁၆ ရက်နေ့က အကြမ်းဖက်စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ၆ နှစ်အရွယ် ကလေးတစ်ယောက် သေဆုံးခဲ့သလို စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းကို နည်းမိပြီး ပြည်သူတစ်ယောက် သေဆုံးခဲ့ရတယ်လို့ CDF (မတူပီ) က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်ကို သံချပ်ကာကားတွေ အပါအဝင် စစ်ကားအစီး ၇၀ လောက်နဲ့ ထိုးစစ်ဆင်နေပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပစ္စည်းတွေကိုယူဆောင်ပြီး အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။