
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက် မြို့နယ်လျှပ်စစ် EPC ရုံးမှာ ဒီကနေ့ မနက် ၅ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဟာ ကျိုက်ထိုမြို့နယ် လျှပ်စစ် EPC ရုံးဝင်းထဲက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနောင်စိုးထွန်း နေအိမ်ကို အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်နဲ့လာရောက်ပြီး ဗုံးပစ်သွင်းခဲ့တာလို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရဲ့နေအိမ် အဆောက်အအုံတချို့ ထိခိုက်ပျက်စီး ခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျိုက်ထိုမြို့နယ် လျှပ်စစ် EPC ရုံးဟာ စက်တင်ဘာလတုန်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ဓာတ်အားခွဲရုံက စက်ပစ္စည်းတချို့ ထိခိုက်ပျက်စီးထားပါတယ်။
ကျိုက်ထိုမြို့နယ် လျှပ်စစ် EPC ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဒီကနေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြို့ပေါ်ရပ်ကွက်နေရာအများစုမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။