ခင်ဦးနှင့် အောင်လံတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဗအိုးကျေးရွာကို အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့လို ဒေသခံ ၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁ ဦးခြေထောက်ထိမှန်ဒဏ်ရာ ရထားတယ်လို DVB က ကနဦးသတင်းရရှိထားပါတယ်။

“အိုးရွာထဲဝင်စီးပြီး ပစ်ခတ်လို့ ရွာသားနှစ်ဦးကတော့ သေဆုံးသွားပြီ။ တစ်ဦးကတော့ ခြေထောက်မှန်ထားတယ်။ နောက်ထပ်ဘယ်သူတွေဘာဖြစ်တယ်အသေးစိတ် မသိရသေးဘူး။ သိရတာလေးတွေ လှမ်းပြော” လို့ ဒေသခံက ပြောပါတယ်။

အလားတူ အင်းပတ်ကျေးရွာကိုလည်း  စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးတွေ ဝင်ရောက်စီးနင်းထားပြီး အင်းပတ်ကွေ့ကနေလည်း စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှာလည်း အောက်တိုဘာလ ၂၀ ရက်နေ့ညနေပိုင်းက အကြမ်းဖက်စစ်တပ်က ဒေသခံ တစ်ယောက်ကို ပစ်သတ်ပြီး ၃ ယောက်ဖမ်းဆီးသွားတယ်လို့ မြေထဲ(PDF) တပ်ဖွဲ့က ဒီကနေ့မနက်ပိုင်း ပြောပါတယ်။

အောင်လံမြို့နယ် စမ်းကလေးရွာနားကို ညနေ ၄ နာရီလောက်က အကြမ်းဖက်စစ်အုပ်စု အင်အား ၃၀ လောက် ဖောကား နှစ်စီးနဲ့ သေနတ်တွေ ဆက်တိုက်ပစ်ဖောက်ပြီးရောက်ရှိလာကာ စမ်ကလေးရွာက ဦးကျန်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် စမ်းကလေးရွာက ဖြိုးမင်းနိုင်၊ ရွာထောင်ရပ်ကွက်က ကျော်ထက်အောင်နဲ့ မြို့သစ်မြို့နယ်က မအေးအေးခိုင်တို့ကို ဖမ်းဆီးသွားတယ်လို့ မြေထဲ(PDF)ခေါင်းဆောင်က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဦးကျန်ရဲ့ လက်ထဲကို လက်လုပ်ဗုံးထည့်ပြီးတော့ သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်ပြီး မြို့သစ်မြို့နယ်က အပြစ်မဲ့ စစ်ရှောင် အမျိုးသမီးတစ်ယောက်နဲ့ လမ်းမှာတွေ့တဲ့ လူငယ်နှစ်ယောက်ကို ဖမ်းသွားတာ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ အဲဒီနေ့က မြေထဲ (PDF) စခန်းကို တွေ့ရှိခဲ့ခြင်း မရှိဘဲ  အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက စမ်းကလေးရွာ၊ ရေပေါ်ရွာနဲ့ ဖိုကိုးလုံးရွာ ကြားမှာရှိတဲ့ PDF စခန်းကို တွေ့ရှိသွားပြိး လက်နက်ပစ္စည်းတစ်ချို့သိမ်းဆည်းခံရ PDF တပ်ဖွဲ့ဘက်ကတော့ အဖမ်းခံရသူ မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုတွေဟာ ပြည်သူတွေ မွေးမြူထားတဲ့ ကြက်တွေဝတ်တွေကို လည်း သတ်ဖြတ်စားသောက်သွားကြပြီး ပစ္စည်းတွေနဲ့ ငွေတွေကိုလည်း ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က လုပ်ကြံဓာတ်ပုံတွေရိုက်ပြီးတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ PDF အဖွဲ့တွေကို ပစ်ခတ်ဖမ်းဆီးတယ်လို့ တင်ထားတာကြောင့် သေဆုံးဖမ်းဆီးခံရတဲ့သူတွေဟာ PDF တပ်ဖွဲ့နဲ့ လုံးဝသက်ဆိုင်မှုမရှိသလို မိမိတို့ PDF တပ်ဖွဲ့ဘက်က တစ်ယောက်မှ အဖမ်းခံရတာ မရှိဘူးလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up