
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးကျော်ဦးဟာ ဒီကနေ့ အောက်တိုဘာ ၂၁ ရက် မနက် ၁၁ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ် ပေါ်တော်မူကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးလည်း ဖြစ်တဲ့ ဦးကျော်ဦးဟာ သူရဲ့ နေအိမ်ဈေးဆိုင်မှာ ရှိနေစဉ် အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ လာရာက်ပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။
ဦးကျော်ဦးဟာ သေနတ်ပစ်ခတ်ခံရပြီးနောက် သေနတ်ဒဏ်ရာ ၃ ချက် ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူ ဦးကျော်ဦးဟာ စစ်ကောင်စီ သတင်းပေး လုပ်နေတဲ့အတွက်ကြောင့် သုတ်သင်ရတာလို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သထုံမြို့ပြအထူးစစ်ဆင်ရေး တပ်ဖွဲ့က ပူးပေါင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြည်သူတွေအပေါ် အဖျက်သဘောဆောင်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေသူတွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ဆက်လက် တိုက်ဖျက်သွားမယ်လို့ ဆိုထားပါတယ်။
သထုံမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်းမှူး ၇ ဦးထက်မနည်း ပစ်သတ်ခံထားရပါတယ်။