
မိုးကုတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆို ထောင်ချခံရတဲ့ မိုးကုတ်ရေပူကျောင်း ဆရာတော် အောက်တိုဘာ ၁၈ ရက် ဒီကနေ့ အိုးဘိုအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
မိုးကုတ်မြို့မှာ မတ်လ ၁၁ရက်နေ့က စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြသပိတ်ကို ဖြိုခွင်းခဲ့ပြီး ရေပူကျောင်း ဆရာတော်ကို ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (ခ) နဲ့ ဧပြီလ ၉ ရက်နေ့က ထောင်ဒဏ် (၃) နှစ် အမိန့်ချခံခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ရေပူကျောင်းဆရာတော်နဲ့အတူ ဖမ်းဆီးထောင်ချခံရတဲ့ ဦးဇင်း ဦးရေဝတနဲ့ မိုးကုတ်မြို့က ပြည်သူတချို့လည်း လွတ်မြောက်တဲ့အထဲပါတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီးသား အကျဉ်းသား ၁၃၁၆ ဦးနဲ့ တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာပါ။