Home
မေးမြန်းခန်း
"လက်နက်ပြန်ကိုင်ရတာ ပြည်သူကိုကာကွယ်ဖို့တခုတည်းအတွက်ဖြစ်တယ်"- လူသာထူး
DVB
·
October 13, 2021

၁၉၉၇ ခုကနေ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွေအထိ  ကရင်ပြည်နယ်ထဲမှာ နအဖ စစ်အစိုးရရဲ့ တပ်တွေကို ပြောက်ကျားတိုက်ခိုက်ရာမှာ နာမည်ကြီးတဲ့ God's Army ဘုရားသခင်ရဲ့တပ်မတော် ဆိုပြီး လူသိများ ထင်ရှားခဲ့ဖူးပါတယ်။

အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ဂျော်နီထူးနဲ့ လူသာထူး  အမွှာညီအစ်ကိုနှစ်ယောက်ဖြစ်ပြီးတော့ သူတို့တွေဟာ တိုက်ပွဲတွေနိုင်အောင် လမ်းပြပေးနိုင်တဲ့ တန်ခိုးရှိတယ်လို့ အင်အား ၂၀၀ လောက်ရှိတဲ့ God's Army အဖွဲ့ဝင်တွေက ယုံကြည်ကြပါတယ်။ ၁၉၉၉ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြန်မာသံရုံးကို ဝင်ရောက်စီးနင်းမှုနဲ့ ၂၀၀၀ ပြည့်နှစ်က   ရတ်ချ်ဘူရီဆေးရုံကို  စွမ်းအားမြှင့်ကျောင်းသားစစ်သည်တော်များ (VBSW)အဖွဲ့တို့ ဝင်ရောက်စီးနင်းခဲ့မှုတွေကြောင့် God's Army ရဲ့ ခေါင်းဆောင် အမွှာညီအစ်ကိုတွေဟာ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဖော်ပြခံခဲ့ရပါတယ်။

ထိုင်းစစ်တပ်ထံ လက်နက်ချပြီးနောက် God's Army အဖွဲ့လည်း ကွယ်ပျောက်သွားခဲ့ရပြီးတော့ အမွှာညီအစ်ကိုတွေထဲက တယောက်ဖြစ်တဲ့ လူသာထူးဟာ ဆွီဒင်နိုင်ငံမှာ သွားရောက်နေထိုင်ခဲ့ပြီးတော့ သူတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးလည်း ပြီးဆုံးသွားခဲ့တာပါ။

အခုနွေဦးတော်လှန်ရေးမှာတော့ ဆွီဒင်နိုင်ငံက ပြန်လာတဲ့ လူသာထူးဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ဗမာ့တိုင်းများလွတ်မြောက်ရေးတပ်မတော် (ABIA)နဲ့ ပူးပေါင်း တိုက်ပွဲဝင်ဖို့  ဒီကနေ့ပဲ သဘောတူကတိပြုလိုက်ပြီလို့ သိရပါတယ်။

အခုလို လက်နက်ကိုင် တော်လှန်ရေးကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး  လူသာထူးကို ဒီဗွီဘီသတင်းဌာနရဲ့ Senior Producer ရဲဝင့်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ကိုလူသာထူးရေ ကျနော့်ကို အရင်ဦးဆုံး ဆွီဒင်နိုင်ငံကနေ ပြန်လာဖြစ်ခဲ့ပုံကို အရင်ဆုံး ပြောပြပါလားဗျာ။ ဘယ်တုန်းက ပြန်ရောက်တယ်ဆိုတာ ထည့်ပြောပေးပါဗျာ။

ဖြေ။ “ကျနော် ပြန်လာတာ ၅ နှစ်ရှိပါပြီ။ ကိုယ်မွေးတဲ့နေရာကို   သတိရလို့ ပြန်လာတာပါ။”

မေး။  ဆွီဒင်မှာ မပျော်လို့ ပြန်လာခဲ့တာလားဗျာ။

ဖြေ။ “  ဆွီဒင်မှာ ၁၀ နှစ်ကျော်သွားတယ်နေတယ်။ ဒါပေမဲ့  မွေးရပ်ဇာတိနဲ့တော့ မတူဘူးပေါ့နော် ။ ကွာခြားလွန်းလို့ပေါ့နော်။ ”

မေး။ ကိုလူသာထူးအကြောင်းကတော့ အနှစ် ၂၀ လောက် ရှိခဲ့ပြီ။ ဘန်ကောက်သံရုံးက ဖြစ်စဉ်နဲ့ ဆေးရုံဖြစ်စဉ်အပြီးမှာ ဘာတွေ ဆက်ဖြစ်ပြီးတော့ ဆွီဒင်နိုင်ငံကို ဘယ်လို ရောက်သွားပုံတွေကို အတိုချုပ် ပြောပြပေးပါလား။

ဖြေ။ “ဒီထိုင်းမှာဆိုရင်လည်း အဆင်မပြေဘူးပေါ့နော်။ အခက်အခဲအများကြီးရှိတယ်။ အလုပ်ရှာဖို့လည်း မလွယ်ဘူး။  ဒါကြောင့် နိုင်ငံခြားသွားဖို့ စဉ်းစားတယ်။ အဲဒီမှာ ပညာရှာပြီးတော့ ကိုယ့်လူမျိုးအတွက် ပြန်လည်ပြီးတော့ အသုံးချမယ်လို့ ဆုံးဖြတ်ပြီးတော့ သွားတာပေါ့နော်။ ”

မေး။ အာဏာသိမ်းလိုက်တဲ့အချိန်မှာ ကိုလူသာထူးက မြန်မာပြည်မှာပဲ ရှိနေတယ်။ အာဏာသိမ်းလိုက်တဲ့အချိန်မှာ လူက ဘယ်လိုတွေ ခံစားလိုက်ရလဲဗျာ။

ဖြေ။ “ဟုတ်ကဲ့။ ဒီစစ်ကောင်စီ အာဏာသိမ်းလိုက်တော့ ပြည်သူတွေက အရမ်းဒုက္ခရောက်နေတာ တွေ့တယ်။ သူတို့က လုပ်ချင်တာပဲ လုပ်တယ်။ ပြည်သူတွေကို သူတို့က ဂရုမစိုက်ဘူး။”

မေး။ မြန်မာပြည်ကို ပြန်လာတဲ့အချိန်မှာ လက်နက်ကိုင်တယောက် ဖြစ်နေပြီလား။ လက်နက်ကိုင်ထားသေးလား။

ဖြေ။ “ပြန်လာတဲ့အချိန်တုန်းက လက်နက်ကိုင်မယ်လို့ မစဉ်းစားခဲ့ဘူး။ ဒါပေမဲ့ အခြေအနေပေါ်မှာပဲ မူတည်တယ်။ အခု ပြည်သူတွေကို သူတို့ (စစ်ကောင်စီ)က ဒုက္ခရောက်အောင် လုပ်တယ်။ တိုင်းရင်းသားတွေအပေါ်မှာလည်း သူတို့ မကောင်းခဲ့ဘူး။ ဒါကြောင့် ဒီအခြေအနေပေါ်မှာပဲ မူတည်ပြီးတော့ ကြည့်မယ်ပေါ့နော်။ ”

မေး။ ကိုလူသာထူးက ဒီ ဗမာ့တိုင်းများလွတ်မြောက်ရေးတပ်မတော် ABIA တပ်ကို ဝင်လိုက်တာလားဗျာ။ ဘာကြောင့်ဝင်လိုက်တယ်ဆိုတာ ရှင်းပြပေးပါလား။

ဖြေ။ “ဒီ ABIA အဖွဲ့အစည်းက ပြည်သူတွေအတွက် ရပ်တည်မယ်လို့ ထင်တယ်။ မှန်မှန်ကန်ကန်နဲ့ သူတို့လမ်းကြောင်းပေါ် သူတို့ရောက်အောင် လုပ်မယ်ဆိုတာကို ယုံကြည်တယ်။ ဒါကြောင့် အဲဒီအဖွဲ့အစည်းထဲကို ဝင်လာခဲ့ရတာပါ။”

မေး။ ကရင်လက်နက်ကိုင်အဖွဲ့တွေဆီကို မဝင်ဘဲနဲ့ ဘာဖြစ်လို့ ဗမာ့တိုင်းရင်းသားများ လွတ်မြောက်ရေးတပ်မတော်ဆီကို ဝင်ရတာလဲဗျာ။

ဖြေ။ “ABIA အဖွဲ့အစည်းက သူတို့ မှန်မှန်ကန်ကန် ဘယ်အဖွဲ့အစည်းမဆို ကရင်မှလည်း မဟုတ်ဘူး။ လူမျိုးဘာသာလည်း မခွဲခြားဘူး။ အဲဒီအတွက်ကြောင့် လမ်းကြောင်းမှန်တဲ့ဘက်ကို လုပ်ဖို့ ရှိတယ်ပေါ့။ ”

မေး။ လက်နက်တွေနဲ့ ဝေးကွာနေတာ၊ လက်နက်မကိုင်တာ ကြာပြီ။ အခုလက်နက်ကိုင်ဖို့ ဆုံးဖြတ်လိုက်တော့ ရင်ထဲမှာ ဘာတွေ ခံစားနေရလဲ။

ဖြေ။ “အဲဒီပေါ်မှာတော့ ဘာမှမခံစားရဘူး။ ဒါပေမဲ့ ဒီလို လက်နက်ပြန်လာကိုင်ရတာဟာ ပြည်သူတွေကို ကာကွယ်ဖို့စဉ်းစားတယ်။ အဲဒီတခုတည်းအတွက်ပဲ။”

မေး။ ငယ်ငယ်တုန်းက ငယ်ငယ်လေးနဲ့ ခေါင်းဆောင်ပေါ့နော်၊ God Army ခေါင်းဆောင်လုပ်ခဲ့ရတဲ့ ဘဝကို မှတ်မိသေးလား။ အမှတ်တရ တခုခုရှိရင် ပြန်ပြောပြပါလား။ 

ဖြေ။ “သေနတ်ကိုင်ခဲ့တဲ့အချိန်ကိုတော့ သတိရတာပေါ့နော်။ ပြီးတော့ ကျနော်တို့ကို လာတိုက်ခိုက်တဲ့လူတွေကိုလည်း အဲဒီလို မှတ်မိတာပေါ့နော်။ စစ်တိုက်ရတဲ့အထိကိုလည်း မှတ်မိနေတယ်။”

မေး။ နှစ်ပေါင်း ၂၀ လောက်ကြာပြီးတော့ အခုလိုမျိုးတခါ လက်နက်ပြန်ကိုင်ဖို့ ဖြစ်လာရတဲ့ပေါ်မှာ ခံစားချက်က ဘာတွေများဖြစ်နေမလဲ။

ဖြေ။ “အေးဆေးပါပဲ။”

မေး။ ABIA တပ်ထဲမှာနေရင်းနဲ့ ရှေ့ဆက်  ဘာတွေ ဆက်လုပ်သွားဖို့ရှိလဲဗျာ။

ဖြေ။ “ နိုင်ငံရေးအပေါ်မှာပဲ မူတည်တာပေါ့နော်။ အခုဖြစ်ပျက်နေတဲ့အပေါ်မှာပဲ မူတည်တာပေါ့။ ”

မေး။ ဒီတခါမှာတော့ ကိုဂျော်နီထူး မပါလာတော့ဘူးပေါ့။ ညီအစ်ကိုနှစ်ယောက် အတူတူမ ရှိတော့ဘူးပေါ့။

ဖြေ။ “ညီအစ်ကိုနှစ်ယောက် အတူတူမရှိတာထက် ကျနော်တို့နှစ်ယောက်က အမြဲအဆက်အသွယ် ရှိတယ်။ အကြောင်းအရာတွေကိုလည်း အမြဲတမ်း တိုင်ပင်ဖြစ်တယ်။”

မေး။ အခု ဒီတကြိမ် လက်နက်ကိုင်တော်လှန်ရေးထဲကို ပြန်ဝင်လာတဲ့အချိန်မှာ ယုံကြည်မှုက ဟိုးငယ်ငယ်တုန်းကလိုပဲလား။

ဖြေ။ “အဲဒီအပေါ်မှာတော့ ယုံကြည်ချက်မရှိပေမဲ့လည်း ဒါ ကြိုးစားအားထုတ်မှုပေါ်မှာပဲ မူတည်တယ်။”

မေး။ ကလေးနဲ့မဆိုင်တဲ့ ပြည်တွင်းစစ်ထဲမှာ ဝင်ပါခဲ့တယ်။ တပ်ဖွဲ့တဖွဲ့မှာ ခေါင်းဆောင်လုပ်ခဲ့ရတယ်။ ညီအစ်ကိုနှစ်ယောက် ငယ်ငယ်လေးနဲ့ပေါ့နော်။ အဲဒီဖြစ်စဉ်ပေါ်မှာ ဝမ်းနည်းတာ၊ စိတ်မကောင်းဖြစ်တို့၊ နောင်တရတာတို့ရှိလား။

ဖြေ။ “အဲဒီအတွက် နောင်တမရပါဘူး။ ”

မေး။  ပြည်သူလူထုတွေ ၊ ကရင်လူထုတွေကို ဒီကနေတဆင့် ဘာများ ပြောချင်လဲ။

ဖြေ။ “ပြည်သူတွေကို ပြောချင်တာကတော့ အခု ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့ ဘယ်သူ ကောင်းလဲ၊ ဘယ်သူ မကောင်းဘူးဆိုတာ စဉ်းစားတတ်ရမယ်။ ပြီးတော့ စည်းလုံးညီညွတ်မှုနဲ့အတူ အတူတူ အလုပ်တွဲလုပ်ချင်တယ်။”

မေး။ ဘယ်အထိ ဆက်လက် လက်နက်ကိုင်ပြီးတိုက်ပွဲဝင်သွားမလဲ။

ဖြေ။ “လွတ်လပ်ရေးရတဲ့အထိ ကိုယ်ပိုင်အခွင့်အရေး၊ တန်းတူညီတူ အခွင့်အရေးရတဲ့အထိ လက်နက်ကိုင်မယ်။ လွတ်လပ်ရေးရရင်တော့ ဒီလက်နက်တွေကို ဖျက်ဆီးဖို့ပဲရှိတာပေါ့နော်။”

မေး။ ကိုလူသာထူးအနေနဲ့ တခြားဘာများ ထပ်ပြီးတော့ ပြောစရာရှိဦးမလဲ။

ဖြေ။ “ လွတ်လပ်ရေးရဖို့ရယ်၊ တန်းတူညီတူအခွင့်အရေးရဖို့ရယ်၊ ဒါပဲ မျှော်လင့်ပါတယ်။ ”

မေး။ ကျနော်တို့ ငယ်ငယ်တုန်းက မှတ်မိတယ် မြင်ဖူးတယ်။ ညီအစ်ကိုနှစ်ယောက် ဆံပင်အရှည်ကြီးနဲ့ စီးကရက်တွေ သောက်တယ်။ အခုကော ဆေးလိပ်သောက်သေးလားဗျာ။

ဖြေ။ “သောက်တယ်။”

မေး။ ကိုလူသာထူး အခုလို တွေ့ရတာဝမ်းသာပါတယ်။ လုံခြုံရေးလည်း ဂရုစိုက်ပါ။ အစစ အရာရာ အောင်မြင်ပါစေလို့ ကျနော် ဆုတောင်းပေးပါတယ်ဗျာ။

ဖြေ။ “ ကျေးဇူးတင်ပါတယ်။ ”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024