
မကွေးတိုင်း၊ ဆောမြို့နယ်မှာ အောက်တိုဘာ ၈ ရက်မနက်ပိုင်းက ဒေသခံ PDF ၊ ပူးပေါင်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးထက် မနည်းသေဆုံးကာ ၁၀ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆော PDF က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၈ ရက် မနက် ၇ နာရီ ၁၅ မိနစ်လောက်က ခူးချောင်းကျေးရွာမှ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ရွာမြောက်ဘက် ဇရပ်နားမှာ ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဆော PDF ဘက်က လက်နက်ကြီးနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အပြင် တော်လှန်ရေး အင်အားစုတွေရဲ့ မိုင်းတွေမိကာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းကျဆုံး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရနိုင်သလို ဆော PDF ဘက်ကလည်း ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသထဲမှာ နေရာအနှံ့တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သလို စစ်ကောင်စီဘက်က စစ်ကြောင်းတွေထိုးကာ မကြာခဏဖြတ်သန်း သွားလာနေတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ မပြုလုပ်ဖို့နဲ့ မဖြစ်မနေ သွားလာရမယ်ဆိုပါက အထူးသတိပြု သွားလာကြဖို့ကို လည်း အသိပေးထားပါတယ်။