တော်လှန်ရေးပြီးရင် စာသင်ခန်းပြန်မယ်

အသားညိုညို ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး တောလမ်းတစ်နေရာတွင် ထိုင်နေသည်။

သူ၏ ညာဘက်ပခုံးထက်တွင် တူမီးသေနတ်တစ်လက်ကို ဟန်ပါပါ သိုင်းလွယ်ထားသည်။ ဘယ်လက်တစ်ဖက်ကမူ ကြက်ခြေနီအမှတ်အသားပါ အလံတိုင်အား ကိုင်မထား၏။

လွတ်နေသည့် ယာဘက်လက်မှာ နွေဦးတော်လှန်ရေး၏ အမှတ်အသားတစ်ခုဖြစ်သည့် လက်သုံးချောင်းထောင်သင်္ကေတ ပြုလုပ်ထားသည်။ သူသည် အကြောင်းကြောင်းကြောင့် ဆေးလွယ်အိတ် ပြောင်းလွယ်ခဲ့ရသော်လည်း ခုခံစစ်အတွက် သေနတ်လွယ်ထားဆဲပင်။

ထိုအမျိုးသမီးမှာ အခြားသူတော့မဟုတ်ပါ။ ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကထိက ဌာနမှူး ဒေါ်ရတီအုန်း ဖြစ်သည်။ သူသည် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခုချိန်အထိ လူလွတ်တစ်ဦး ဖြစ်ပါသည်။

” မြေဖြူကိုင်တဲ့လက်က သေနတ်ကိုင်ရမယ်လို့ မတွေးခဲ့ဖူးဘူးရှင့်။ ကျမ အိပ်မက်တောင်မမက်ခဲ့ဖူးဘူး” ဟု လက်ရှိ သူ့အခြေအနေကို ဒေါ်ရတီအုန်းက ပြောသည်။

ကထိကတစ်ဦးဖြစ်သည့် ဒေါ်ရတီအုန်းသည် အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှုမှသည် လက်နက်ကိုင်တော်လှန် ရေးအထိ ပါဝင်လာခဲ့သည်မှာ ယခုဆို ရှစ်လကျော်ရှိခဲ့ပြီ။ ဆိုရလျှင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှ အစပျိုးခဲ့သည့် နွေဦးတော်လှန်ရေးနှင့် သက်တမ်းတူဖြစ်၏။

ဆေးတပ်သား အဖြစ်သို့
စစ်အာဏာရှင်တော်လှန်ရေးသည် မေလဆန်းခန့်မှစတင်ကာ အကြမ်းမဖက်လှုပ်ရှားမှုမှ လက်နက်ကိုင်ခုခံစစ်သို့ တဆင့် တက်ခဲ့ရသည်။

အကြောင်းမှာ ငြိမ်းချမ်းသောနည်းဖြင့် အာဏာဖီဆန်သည့် နိုင်ငံတစ်ဝှမ်းရှိပြည်သူများအား စစ်ကောင်စီ၏ လက်ပါးစေ များက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာ၍ ဖြစ်သည်။

အထူးသဖြင့် ရရာလက်နက်ဖြင့် ပြန်လည်ခုခံမည့် တိုင်းရင်းသားဒေသ နယ်မြို့လေးများတွင် စစ်ကောင်စီ၏ ရက်စက် ကြမ်းကြုတ်မှုများ ပိုမိုဆိုးရွားလာခဲ့သည်။ ယင်းဒေသများတွင် ဒေါ်ရတီအုန်းတာဝန်ကျရာ စစ်ကိုင်းတိုင်း ကလေးမြို့လေးလည်း ပါဝင်လာ၏။

ထိုအခါ စက်မှုနည်းပညာဘာသာရပ် အထူးပြုသင်ကြားပေးနေသူ ကထိက ဒေါ်ရတီအုန်းမှာ ရရာလက်နက်ကိုင်၍ ခုခံစစ်၌ပါဝင်ရန် အသင့်ဖြစ်နေခဲ့ပါသည်။

” အရင်သင်ကြားရေးပိုင်းတုန်းကလည်း mechanical engineer ဆိုတော့ တအားကြီး နူးညံ့သိမ်မွေ့တဲ့အထဲမှာ မပါဘူး။ စက်ပစ္စည်းအစိတ်အပိုင်းတွေကို လေ့လာထားတာဆိုတော့ အခုဒီလိုကူးပြောင်းလိုက်တဲ့အချိန်မှာလည်း ဒီဟာက အကျိုးသက်ရောက်မှု ရှိနေသေးတယ်”ဟု ခုခံစစ်အတွက် လက်နက်ကိုင်ဖြစ်သည်ကို သူက ရှင်းပြသည်။

သို့သော် ခုခံစစ်ဆင်နွှဲရင်း တစ်ခုသောရက်၌ သူ့ကို တော်လှန်ရေးတပ်သားအဖြစ်မှ ဆေးတပ်သားအဖြစ်သို့ ပြောင်းလဲသွားစေမည့် တွန်းအားတစ်ခုရှိလာခဲ့သည်။

ယင်းမှာ သူနှင့်တစ်ဖွဲ့တည်းဖြစ်သည့် လူငယ်ရဲဘော်လေးတစ်ဦး သေနတ်ကျည်ထိကာ သူ့လက်ပေါ်တင် တိုင်းပြည်အတွက် အသက်ပေးသွားရ၍ ဖြစ်ပါသည်။ အသက် ၂၀ စွန်းစွန်း သူ့တပည့်အရွယ်သာရှိသေးသည့် တော်လှန်ရေး လူငယ်လေးတစ်ဦး သေနတ်ဒဏ်ရာကြောင့် သေလုမြောပါးဖြစ်နေသည်ကို ဒေါ်ရတီအုန်း ဘာမျှလုပ်မပေးနိုင်ဘဲ ရင်နာနာဖြင့် သည်အတိုင်း ကြည့်နေခဲ့ရသည်။

”အဲဒီတုန်းက (ကျဆုံးရဲဘော်အတွက်)ငါဘာမှ လုပ်မပေးလိုက်နိုင်လေခြင်းဆိုတဲ့နောင်တက ကျမစိတ်ထဲမှာ အမြဲတမ်း ကျန်တယ်ရှင့်”ဟု သူက ရင်ဖွင့်သည်။

ထိုရင်နင့်ဖွယ်အတွေ့အကြုံကို ခံစားရပြီးနောက် ဒေါ်ရတီအုန်းတစ်ယောက် စစ်ကောင်စီတပ်များနှင့် ရင်ဆိုင် တိုက်ခိုက် ရသည့် ရှေ့တန်းစစ်မျက်နှာတွင် Medical Cover လုပ်ပေးရန် ဆေးတပ်သားအဖြစ်သို့ ပြောင်းလဲခဲ့တော့သည်။

အထွေထွေ ဆေးတပ်သား
ကထိကတစ်ဦးဖြစ်သူ ဒေါ်ရတီအုန်း၏ တော်လှန်ရေးခရီးတွင် အကြမ်းမဖက်လှုပ်ရှားမှုမှတဆင့် လက်နက်ကိုင် တော်လှန် ရေးသို့ ကူးပြောင်းလာသည့်အခါ စစ်ပညာ တစ်လခွဲသင်ယူရသည်။

သို့သော် ရှေ့တန်းတိုက်စစ်မှနေ၍ ဆေးတပ်သားအဖြစ်ခံယူလိုက်သည်တွင် အရေးပေါ်ကုသရေးဆိုင်ရာဆေးပညာများကို ထပ်မံဆည်းပူးရပြန်သည်။ ထိုဆေးပညာကို အွန်လိုင်းဖြင့်တစ်ဖုံ တယ်လီဖုန်းဖြင့်ဆက်သွယ်၍တစ်မျိုး နည်းလမ်း ပေါင်းစုံ ဖြင့် ကျွမ်းကျင်ဆေးဝန်ထမ်းများထံမှ သင်ယူသည်။

ယင်းကဲ့သို့ အရေးပေါ်ကုသရေးဆေးပညာသင်ယူရင်း ကျွဲကူးရေပါဖြစ်လာရသည့် ပညာရပ်တစ်ခုမှာ သားဖွားမီးရပ် ပညာပင်ဖြစ်သည်။ အကြောင်းမူ စစ်ဘေးရှောင်နေကြရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မိသားစုများနှင့် အရပ်သား ပြည်သူများတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်နေ၍ ဖြစ်ပါသည်။

နောက်ပြီး သားဖွားမီးရပ်ပညာသည် ဒေါ်ရတီအုန်းနှင့် သိပ်ပြီးမစိမ်းလှ။ သူငယ်ငယ် ကျောင်းနေအရွယ်က မိခင်သူနာပြု ဆရာမနှင့် ကလေးမီးဖွားရန် ခဏခဏလိုက်သွားခဲ့ဖူးသည်။ လိုက်သွားတိုင်းလည်း မိခင်ဖြစ်သူက သူ့ကို မီးဖွားပုံဖွားနည်း လိုအပ်သည့် ပစ္စည်းကိရိယာစသည်တို့ကို သင်ပြ ပြောပြသည်။

အမှန်တစ်ကယ်ဆိုလျှင် သူ့မူလတာဝန်မှာ ရှေ့တန်းစက်မျက်နှာရှိ ထိခိုက်ဒဏ်ရာရ တော်လှန်ရေးရဲဘော်များနှင့် နာမကျန်း ဖြစ်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဖြစ်သည်။ သို့သော် မြေပြင်အနေအထားမှာ အမျိုးသမီးနှင့် ကလေးငယ်များလည်း ပါဝင်နေကြသဖြင့် ၎င်းတို့၏ကျန်းမာရေးဆိုင်ရာပြဿနာများသည် ဆေးတပ်သားဒေါ်ရတီအုန်း၏ တာဝန်ဖြစ်လာသည်။

စက်သေနတ်သံ တဒက်ဒက် လက်နက်ကြီးသံ တအုန်းအုန်းကြားမှာ သမီးရတနာလေးတစ်ဦးကို အန္တရာယ်ကြားက မွေးဖွားပေးခဲ့ရသည်။ ကလေး၏ဖခင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ဖြစ်၏။

ထို့ကြောင့် ကိုယ်ဝန်နေ့စေ့လစေ့နှင့် ဇနီးသည်ကိုထားပြီး တိုက်ပွဲဝင်နေရသည့် ထိုရဲဘော်အားလည်း စိတ်ဖြောင့်ဖြောင့်နှင့် သူ့တာဝန်သူ ထမ်းရွက်နေစေလိုသည်။ သို့သော် ကထိကဒေါ်ရတီအုန်းအဖို့ မီးဖွားပေးရမည့် ပထမဆုံးအတွေ့အကြုံလည်းဖြစ် တိုက်ပွဲနှင့်အနီးဆုံးတွင်လည်း ရှိနေလေတော့ စိုးရိမ်ပူပန်မိသည်။

သို့ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ရန်မှ ကာကွယ်ရန် မီးဖွားမည့်အိမ်အနီးဝန်းကျင်၌ လက်နက်ကိုင်ဘော်များ အစောင့်ထားရသလို မီးတွင်း၌ မိခင်ရော ကလေးပါအန္တရာယ်ကင်းရန်လည်း ဆရာဝန်များထံ ဖုန်းဆက်အကူအညီတောင်းရလေသည်။

ဤသို့နှင့် မနက် ၁၀ နာရီခွဲ စကြည့်ခဲ့သည့် မွေးလူနာမှာ ၁၁ နာရီခွဲတွင် အောင်အောင်မြင်မြင် မီးဖွားနိုင်ခဲ့တော့သည်။ ခုချိန်ထိ မိခင်ရောကလေးပါ ကျန်းမာပကတိ ချမ်းသာစွာရှိလေ၏။

တော်လှန်ရေးပြီးရင် စာသင်ခန်းပြန်မယ်
ယခုမူ ထိုသမီးငယ်လေးမှအစပျိုးလိုက်သည့် သားဖွားမီးရပ်ပညာဖြင့် ကလေးငယ်သုံးဦးအထိ မွေးဖွားပေးနိုင်ခဲ့ပြီ ဖြစ်ပါ သည်။ ထို့အပြင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုကိုပါ လုပ်ပေးလာနိုင်သည်။

ထို့ကြောင့် သည်ပညာရပ်သည် ဒေါ်ရတီအုန်း၏ သက်မွေးဝမ်းကျောင်းပညာ ဖြစ်မလာသည့်တိုင် သူ့စိတ်အာရုံ၌ စွဲမြဲနေခဲ့ပါသည်။ ယခုမူ ထိုသားဖွားမီးရပ်ပညာဖြင့်ပင် တိုင်းပြည်၏ အနာဂတ်ရင်သွေးငယ်သုံးဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီ။

အလားတူ ရှေ့တန်းစစ်မြေပြင်များသို့ အကြိမ်ကြိမ် သွားရောက်ကာ တော်လှန်ရေးရဲဘော်များအားလည်း ဆေးကုသမှု ပေးနိုင်နေပြီ ဖြစ်သည်။ သို့တိုင် သည်တော်လှန်ရေးကြီး အမြန်ပြီးချင်လှပြီ။

တော်လှန်ရေးကြီး အောင်မြင်ရန်မှာ စားနပ်ရိပက္ခာ ဆေးဝါးနှင့် အဝတ်အထည်များအပြင် တိုက်ခိုက်ရေးလုပ်ငန်းသုံး စက်လက်နက်များမှာ မရှိမဖြစ် လိုအပ်ချက်များ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို လက်နက်ခဲယမ်း ထောက်ပံ့သည်မှန်သော်လည်း လိုအပ်ချက်ပြည့်မီခြင်းမရှိသေးဟု ဒေါ်ရတီအုန်းက ရင်ဖွင့်သည်။

“ကျမတို့ တကယ်လိုအပ်နေတာ လက်နက်ပဲ။ လူအင်အားရော စိတ်ခွန်အားရော ကျမတို့မှာ အားလုံးရှိတယ်”

မည်သည့်အခြေအနေဖြစ်ပါစေ သည်တော်လှန်ရေးခရီးကို အဆုံးထိဆက်လျှောက်မည်ဖြစ်ပြီး “အသေနဲ့ အနိုင် ဒီနှစ်လမ်းပဲ ရှိတယ်”ဟု ကထိကဒေါ်ရတီအုန်းက ရဲရင့်ပြတ်သားစွာ ပြောသည်။

ထို့ကြောင့် လုပ်ဖော်ကိုင်ဖက်တော်လှန်ရေးရဲဘော်များ သက်ရှည်ကျန်းမာစွာဖြင့် တိုက်ပွဲဝင်နိုင်ရေးကို သူတို့ Medical Team က အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်။ တော်လှန်ရေးရဲဘော်များ ကျန်းကျန်းမာမာဖြင့် တိုက်ပွဲဝင်နိုင်ပါမှ အောင်ပွဲများလည်း ဆင်နိုင်မည်ဖြစ်သည်။

ယင်းတော်လှန်ရေးအောင်ပွဲသည်ပင် ပြည်သူ့အောင်ပွဲဖြစ်ပြီး ကလေးအစိုးရနည်းပညာအထက်တန်းကျောင်းမှ ကထိက ဆရာမ ဒေါ်ရတီအုန်း၏ အန္တိမမျှော်မှန်းချက်လည်း ဖြစ်ပေသည်။

ထိုမျှော်မှန်းချက်သို့ အရောက်လှမ်းနိုင်မှသာ တရားမျှတပြီး လူ့အခွင့်အရေးအပြည့်အဝရှိသော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တရပ် တည်ဆောက်နိုင်လိမ့်မည်ဟု သူက ယုံကြည်ထားသည်။

အလားတူ ဒေါ်ရတီအုန်း ငယ်စဉ်ကတည်းက စိတ်ကူးယဉ်အိပ်မက်ခဲ့အရာကို ဆက်လက်လုပ်ကိုင်နိုင်ခွင့်ရမည်။ ယင်းကိုပင် သူက ယခုလို ရင်ဖွင့်လိုက်ပါသည်။

“ကျမ ဆရာမဘဝနဲ့ပဲ နေချင်တယ်။ ဒီတော်လှန်ရေးကြီးပြီးရင် ကျမစာသင်ခန်းပဲ ကျမပြန်သွားမယ်”

နွေဦးမောင်

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up