
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အောက်တိုဘာ ၈ ရက်က တရုတ်ငွေလဲလှယ်နှုန်း ယွမ် ၁၀၀ ကို မြန်မာကျပ် ၃၀၀၀၀ အထိ ပြန်လည်ကျဆင်းလာတယ်လို့ သိရပါတယ်။
"ဒီရက်ပိုင်း တရုတ်ယွမ် ၁၀၀ဆိုရင် မြန်မာငွေ ၃ သောင်းဝန်းကျင်ပဲ ရှိတော့တယ်။ ဟိုတရက်က ၃၂၀၀၀ ကနေ ကျလာတာ မနေ့ကထိ ၃၁၀၀၀ ရတယ်။ ဒီနေ့တော့ ၃၀၀၀၀ အထိ ကျလာပြီ" လို့ မူဆယ် ဒေသခံတစ်ဦးက ပြောပါတယ်။
မူဆယ်မြို့မှာ စက်တင်ဘာ ၂၈ ရက်က တရုတ်ငွေလဲနှုန်းက တရက်တည်း ယွမ် ၁၀၀ ကို မြန်မာငွေကျပ် ၄ သောင်းအထိ ဈေးရောက်ရှိခဲ့ပြီးနောက်ပိုင်း ကျပ် ၃၃၀၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့တာလို့ ဆိုပါတယ်။
"ယွမ် ၁၀၀ ပေးရင် မြန်မာငွေ ၃ သောင်းရတယ်။ မြန်မာငွေကနေ ယွမ်ပြန်လဲမယ်ဆိုရင်ဈေးက မတူဘူး။ ၅ ထောင်လောက်ကွာတယ် ၊ ယွမ် ၁၀၀ လိုချင်ရင် မြန်မာငွေ ၃၅၀၀၀ပေးရတယ်"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
မူဆယ်မြို့မှာ စက်တင်ဘာလအတွင်းက တရုတ်ငွေယွမ် ၁၀၀ကို မြန်မာငွေ ၂၈၀၀၀ ဝန်းကျင်ကနေ ၄၀၀၀၀ ကျပ်အထိ ရက်ပိုင်းအတွင်း ဈေးတက်သွားတာဖြစ်ပြီး စက်တင်ဘာ ၂၈ရက်နောက်ပိုင်းကနေ အောက်တိုဘာ ၈ ရက်အထိ ယွမ် ၁၀၀ကို ၃ သောင်းကျပ်သာ ရရှိတော့တယ်လို့သိရပါတယ်။