
စစ်ကိုင်းတိုင်း မုံရွာမြို့က နာရီစင်နားမှာ အောက်တိုဘာ ၇ ရက် ည ၇ နာရီခွဲလောက်က ဗုံး ၁ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မုံရွာဒေသခံတစ်ဦးက ''အသံအကျယ်ကြီးကြားရပြီးတော့ ရုတ်ရုတ်သဲသဲဖြစ်နေတယ်။ စစ်ကောင်စီဘက်က ကား ၁ စီးထိတယ်တဲ့။ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာတော့ မသိရသေးဘူး" လို့ ပြောပါတယ်။
ဗုံးပေါက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုကို သိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။
အဲ့ဒီဗုံးဖောက်ခွဲမှုကို People Defense Force - South Monywa က ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အရေးကြီးအကြောင်းအရာတွေ မရှိဘဲ နေအိမ်ပြင်ပထွက်ခြင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရှောင်ရှားနေထိုင်ကြဖို့ ကြေညာ ထားပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့မှာလည်း အောက်တိုဘာ ၇ ရက်ညနေပိုင်းက ပခုက္ကူမြို့ရှောင်လမ်းပေါ်မှာ ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း ဒေသခံ တွေဆီက သိရပါတယ်။