
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်မှာ အောက်တိုဘာ ၅ ရက် ညနေ ၆ နာရီလောက်က ကူမဲဘူတာနဲ့ မြစ်သားဘူတာကြား ရထားလမ်းတံတားအမှတ် ၆၉၁ စမ္မာတံတား အနီး လူစီးမီးရထား တတိယတွဲမြောက်တွဲမှာ မိုင်းခွဲခံရပေမဲ့ ထိခိုက်မှုမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရထားတတိယတွဲ လူစီးရထားတွဲအောက်က အုန်းခနဲ ကြားရတယ်။ ရထားကြီးတော့ လှုပ်ယမ်းသွားတယ်။ ဘာမှတော့ ဖြစ်မသွားဘူး။ ထိခိုက်ဒဏ်ရာရသူလည်း မရှိပါဘူး။ အသံကတော့ အတော်ကြီး ကျယ်တယ်။ တံတားနဲ့ လမ်းလည်း မပျက်စီးဘူး”လို့ ပြောပါတယ်။
အောက်တိုဘာ ၃ ရက် ည ၈ နာရီလောက်ကလည်း မြစ်သား ရဲသတင်းတပ်ဖွဲ့ရုံးလည်း ဗုံးခွဲ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၉ ရက်က ကျောက်ဆည်မြို့နယ်၊ ပတ္တာရွာအနီး စာပို့ရထား မိုင်းဆွဲ တိုက်ခိုက်ခံပြီး ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က သူတို့ရဲ့ လက်ချက်လို့ ကြေညာပါတယ်။
ကျောက်ဆည်ခရိုင်အတွင်းမှာ ရထားမိုင်းခွဲခံရတာ ၂ကြိမ် ရှိပြီး ခုတကြိမ်ဖောက်ခွဲမှုကိုတော့ ဘယ်အဖွဲ့ကမှ တာဝန်ခံကြေညာတာမရှိသေးပါဘူး။