Home
ဆောင်းပါး
အိပ်မက်နှင့် ပျော်မွေ့နေရသော တင်းမရွာက လူပျောက်မိသားစုဝင်များ
DVB
·
October 5, 2021

လွန်ခဲ့သည့် (၁၈) လခန့်ကတည်းက သတင်းအစအနပျောက်သွားခဲ့သည့် ရခိုင်ပြည်နယ် ကျောက် တော်မြို့နယ်မှ ရွာသား (၁၈) ဦး အိမ်ပြန်လာမည့်ရက်ကို မိသားစုဝင်များက မျှော် လင့်ကြီးစွာစောင့်နေကြသည်။

ကျောက်တော်မြို့နယ် တင်းမနှင့် တင်းမသစ်ကျေးရွာမှ ပျောက်ဆုံးသွားသည့် အမျိုးသား (၁၈) ဦးကို ၂၀၂၀ မတ်လအတွင်း တပ်မတော်ဘက်ကဖမ်းဆီးသွားခဲ့ပြီး၊ ထိုကတည်းက သတင်းအစအနပျောက်ခဲ့ရသည်ဟု မိသားစုဝင်များကဆိုသည်။

ရွာသားများအဖမ်းမခံရခင် ရက်ပိုင်းအလိုတွင် ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်ဟု ရွာခံများက ဆိုသည်။ ထို့နောက် စစ်ကြောင်းများ ရွာထဲရောက်လာခဲ့ပြီးနောက် ရွာသားတချို့ အဖမ်းခံခဲ့ကြရသည်ဟု ဒေသခံများက ဆိုသည်။

အိမ်ခြေ ၇၀၀ ကျော်ရှိပြီး လူဦးရေ (၄၀၀၀) ကျော် နေထိုင်သည့် တင်းမနှင့် တင်းမသစ် ကျေးရွာသည် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရပြီး အဖမ်းမခံရသည့် ရွာသားများသည်လည်း လက်ရှိတွင် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ပြောခွင့်ရအရာရှိ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တင်းမရွာသားများအား ၎င်းတို့မဖမ်းဆီးခဲ့ဟု ငြင်းဆိုထားသည်။ ကျေးရွာအနီးတိုက်ပွဲဖြစ်ခဲ့သည်မှာ မှန်သော်လည်း ရွာသားများအား ဖမ်းဆီးမှု မရှိခဲ့ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်ကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ၂၀၂၀ ဇူလိုင်လအတွင်းက ရေးသားထားသည်။

ဖမ်းဆီးခံရပြီး ထောင်ကျခဲ့လျင်ပင် တစ်နေ့ပြန်လွှတ်လာမည့်ဆိုသော မျှော်လင့်ချက်ရှိသော်လည်း ဘယ်ရောက်လို့ ဘယ်ပျောက်နေမှန်းမသိသော တင်းမရွာသားများ၏ မိသားစုဝင်များအတွက် မျှော်လင့်ချက်က ဝေဝါးနေဆဲဖြစ်သည်။

အသက် ၃၀ အရွယ် မမေချေဝင်းမှာ တင်းမသစ်ကျေးရွာတွင် မိဘနှစ်ပါး၊ လသားအရွယ် သားတစ်ဦးနှင့်အတူ နေထိုင်ခဲ့သူဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ကာ စစ်တပ်၏ဖမ်းဆီး ခေါ်ဆောင်သွားသူများထဲတွင် သူ၏ ဖခင်၊ ဦးလေး၊ အစ်ကို၊ ယောက်ဖ၊ ဝမ်းကွဲမောင်နှစ်ဦးနှင့် တူတစ်ဦးတို့ ပါဝင်ခဲ့သည်။

မချေဝင်းနှင့်အတူ တင်းမဖြစ်စဉ်တွင် ပညာရေးဌာန၌ အထွေအထွေလုပ်သားအဖြစ်တာဝန် ထမ်းဆောင်နေသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း စစ်တပ်ကဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေခဲ့သည်။

သူ၏ဇနီးဖြစ်သူ ဒေါ်မနုသန်းက “အိမ်ထဲကိုဝင်ပြီးတော့ စစ်သားတွေ ခေါ်သွားတယ်။ အခုသားသမီး ခြောက်ယောက်နဲ့ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်”ဟု ဝမ်းနည်းစွာ ပြောသည်။

စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ပျောက်ဆုံးနေသူများထဲတွင် တစ်ဦးဖြစ်သည့် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူဒေါ်အေးရီက သူ့သားကို မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို အတိအကျ သိချင်နေပြီး အမြန်ဆုံးလွတ်ပေးဖို့ တောင်းဆို သည်။

“ရှိတဲ့နေရာက ကျမသားလေးကို အမြန်ဆုံးလွတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ကျမသား လေး စာမေးပွဲလည်း မဖြေခဲ့ရဘူး”ဟု သူ၏ ပါးပြင်သို့ စီးကျလာသော မျက်ရည်များကို သုတ်၍ပြောသည်။

ပျောက်ဆုံးနေသော တင်းမရွာသား ၁၈ ဦး နှင့် ပတ်သက်၍ တာဝန်ရှိသူများက အဖြစ်မှန်ကို ထုတ်ပြန်ပေးရန် လိုလားနေကြသည်ဟု တင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝန်း က ပြောသည်။

“ကျနော်သားကိုယ်တိုင် ပျောက်ဆုံးနေတာပါ။ သတ်ပစ်လိုက်တယ်ဆိုလည်း သတ်ပစ်လိုက် တယ်လို့ ပြောကြပါ။ ကျန်ရစ်နေတဲ့ မိသားစုတွေ မတင်မကျနဲ့ ရင်ထဲမှာ ဆို့နစ်နေကြတယ်” ၎င်းကဆိုသည်။

မိသားစုဝင် ခုနစ်ဦးပျောက်ဆုံးနေသော မမေချေဝင်းက အမျိုးသားများမရှိသည့်အချိန်တွင် ကျန်ရစ်သူများအတွက် ၎င်းက ဦးစီးဦးဆောင်ပြုနေရသည်ဟုဆိုသည်။

“အိမ်မှာ အားကိုးနေရတဲ့သူတွေ ပျောက်ဆုံးနေတော့ ကိုယ်တွေကပဲ မိသားစုကို ဦးဆောင်နေတယ်။ ကျမက စက်ချုပ်တတ်တော့ စက်ချုပ်ပြီးတော့ ဝင်ငွေရှာနေတယ်”ဟု မမေချေဝင်းက ဆိုသည်။

ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းအသီးသီးတွင် နေထိုင်နေကြရသော စစ်ရှောင်မိသားစုများမှာ လူမှုအဖွဲ့အစည်းများမှ ရရှိသည့် ရိက္ခာများဖြင့် မလုံလောက်၍ အခွင့်အလမ်းရှိသမျှ ဝင်ငွေရှာ နေကြရသည်။

မိသားစုတစ်စုတွင် အိမ်ထောင်ဦးစီးအတူရှိနေခြင်းမှာ သားသမီးများအတွက် အားကိုးအား ထားဖြစ်သော်လည်း အမျိုးသားများ မရှိသည့်အချိန်တွင်လည်း သားသမီးများ၏ ဝေယျာဝစ္စ အသီးသီးကို မိခင်ဖြစ်သူက တာဝန်ယူနေရသည်မှာ အနည်းနှင့်အများ ခက်ခဲပင်ပန်းသည်ဟု သားသမီး ခြောက်ဦး၏ မိခင် ဒေါ်မနုသန်းက ပြောသည်။

သို့သော် မည်သို့ပင်ခက်ခဲပင်ပန်းသော်လည်း ဒေါ်မနုသန်း အနေဖြင့် မိသားစုအတွက် ပေါ် ပေါက်လာသည့် စိန်ခေါ်မှုများကို ကျော်လွှားနေသည်ဟုဆိုသည်။

“မရှိရင် သူများဆီက ခဏချေးတယ်။ ရွာပြန်ပြီး အလုပ်ပြန်လုပ်နိုင်တဲ့အခါ ပြန်ဆပ်သွားမယ်။ စိတ်ဓာတ်တော့ မကျတော့ပါဘူး”ဟု ၎င်းက ပြောသည်။

စစ်ပွဲနှင့် စစ်ပွဲ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားနေရသော စစ်ရှောင်မိသားစုများ အတွက် ပြန်လည်ကုစား ပေးမည့်အစီစဉ်များနှင့် ပြန်လည်ထူထောင်ပေးရေးလုပ်ငန်းများ မှာလည်း သေချာရေရာမှုမရှိဖြစ်နေပြီး စစ်အာဏာ သိမ်းမှုက စစ်ရှောင်များဘဝပြန်လည် ထူထောင်ရေးအတွက် ပိုမိုခက်ခဲနေသည်ဟု ရခိုင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ဟောင်းများက ပြောသည်။

“ဒီလိုဖြစ်စဉ်တွေကို ကုလလူ့အခွင့်အရေးအဖွဲ့တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီး စစ်ဆေးဖော်ထုတ်ပေး ဖို့လိုတယ်။ ဒီလိုမဟုတ်ရင်တော့ နောက်လည်း မတရားအနိုင်ကျင့်မှုတွေက ဆက်ဖြစ်လာမှာ”ဟု ရခိုင်လူ့အခွင့်အရေး မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တင်းမနှင့် တင်းမရွာသစ်က အရပ်သားများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အို များမှာ သားကောင်ဖြစ်ခဲ့ရသည်။

Ma May Chae Win (Photo: Thant Sin Tun)

၎င်းတို့ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ မြန်မာစစ်တပ်နှင့် AA က တာဝန်ယူမှုတစ်စုံတစ်ရာ မရှိဖြစ်နေသည်ဟု ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ပြောသည်။

“စစ်တပ်ကဖမ်းသွားတယ် AA ဖက်က မစုံစမ်းပေးဘူး”ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

သို့သော် တင်းမနှင့် တင်းမသစ်ကျေးရွာမှ အရပ်သား ၁၈ ဦးပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ မိသားစုဝင်များက ကျောက်တော် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး ဒီမိုကရေစီအစိုးရ လက်ထက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက မြောက်ဦးခရိုင်အုပ် ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ထို့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ခေါ်ယူစစ်ဆေးနေမှုကြောင့် ပျောက်ဆုံးနေသူများ၏ မိသားစု ဝင်များက မျှော်လင့်ချက် ရောင်နီသန်းလာခဲ့သော်လည်း စစ်အာဏာသိမ်းမှုနှင့်အတူ စုံစမ်း စစ်ဆေးမှုမှာလည်း ပျောက်ဆုံးနေသဖြင့် သူတို့၏ မျှော်လင့်ချက်ကပြန်၍ မိုးမှောင်ကျခဲ့ရပြန် သည်။

“အမှန်တကယ် လက်တွေ့မှာလည်း အစိုးရ(စစ်ကောင်စီ)ဖက်ကနေ ဘာတစ်ခုမှ ဆောင်ရွက် ပေးတာမရှိတာကိုလည်း တွေ့နေရတယ်”ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ (RWIO) ဥက္ကဌ ဒေါ်စောစံငြိမ်းသူ က မှတ်ချက်ပြုသည်။

ပျောက်ဆုံးနေသော တင်းမရွာသားများနှင့် ပတ်သက်၍ လက်ရှိရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံ တစ်ရာ ပြန်လည်ဖြေကြားမှုမရှိခဲ့ပေ။

သို့သော် လက်ရှိ ပြည်နယ်စစ်ကောင်စီကတာဝန်ယူထားသည့်ကာလတွင် တင်းမရွာသား ၁၈ ဦးအမှုကို မကြားမိသေးဟု စက်တင်ဘာလဆန်းပိုင်းက သတင်းမီဒီယာသမားများနှင့် တွေ့ ဆုံစဉ်ပြောကြားခဲ့သည်။

တင်းမရွာမှ ပျောက်ဆုံးနေသူ ၁၈ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော အသက် ၁၄ နှစ်အရွယ် ရှစ်တန်းအရွယ် ကျောင်းသား၏ မိခင်မှာ သားဖြစ်သူ ပျောက်ဆုံးနေသည်မှာ တစ်နှစ်ခွဲရှိပြီးဖြစ် သော်လည်း တစ်နေ့ပြန်လာမည်ကို မျှော်လင့်နေဆဲဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်အေးရီက ပြောသည်။

“သားလေးက အသက်ရှင်ပြီးရှိနေသေးတယ်လို့ထင်တယ်။ တစ်နေ့အိမ်ပြန်လာမယ်လို့လည်း ထင်တယ်”ဟု ဒေါ်အေးရီ က သူ၏မျှော်လင့်ချက်ကို ပြောသည်။

စစ်ပွဲကြောင့် ဒုက္ခရောက်နေသူများအတွက် လိုအပ်သော စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ ပေးခြင်းဖြင့် ပြန်လည် ကုစားပေးမှုတစ်ချို့ကို ရရှိနေသော်လည်း စိတ်ဒဏ်ရာရရှိခဲ့သူများ အတွက် ပြန်လည်ကုစားပေးရေးမှာ မလွယ်ကူကြောင်း မောင်တောမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။

“သားပျောက်၊ မိဘပျောက်၊ ခင်ပွန်းပျောက်နေသူတွေရဲ့ စိတ်ခံစားချက်ကို ဘာနဲ့ကုစားမလဲ” ဟု ၎င်းကဆိုသည်။

လက်ရှိ ကျောက်တော်မြို့ ကံကြီးသျှင်စစ်ရှောင်စခန်းတွင် ခိုလှုံနေရသော တင်းမနှင့် တင်းမရွာ သစ်ကျေးရွာများမှာ နေရပ်ပြန်နိုင်ရေးအတွက် စခန်းတာဝန်ရှိသူများက ကြိုးစားနေကြသည်။ လာမည့် ပွင့်လင်းရာသီတွင် ပြန်နိုင်မည်ဟု ခန့်မှန်းထားကြောင်း တင်းမဆရာတော်က မိန့် သည်။

ထိုသို့ စစ်ဘေးရှောင်စခန်းမှ နေရပ်ပြန်ချိန်တွင် မိသားစုအားလုံးတူတူ ပြန်ချင်သည်ဟု ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ပြောသည်။

ပျောက်ဆုံးနေသည့် မိသားစုဝင်များ အိမ်ပြန်ရောက်၍ မကြာခဏ အိပ်မက်မက်နေသော် လည်း လက်တွေ့မှာ မဖြစ်လာသေးဟု မမေချေဝင်းက ပြောသည်။

လက်ရှိ ပျောက်ဆုံးနေသော မိသားစုဝင်များနှင့် ပတ်သက်၍ မမေချေဝင်းက “မိသားစုတွေ ပြန်လာတဲ့ အိပ်မက်နဲ့ပဲ ပျော်မွေ့နေရတယ်”ဟု ဆိုသည်။

သန့်ရှင်းထွန်း

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024