
ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး ဖြစ်တာကြောင့် လူမဆန်တဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ကာ တော်လှန်ရေးကို အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ (၂/ ၂၀၂၁) ထုတ်ပြန်ချက်အရ ပဲခူးတိုင်းအတွင်း မြို့နယ် ၂၈ မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကို ရရှိထားပြီးပြီလို့ တောင်းပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ဇူလိုင်လက စနစ်တကျ ဖွဲ့စည်းထားတာဖြစ်ပြီး အခုမှ ထုတ်ပြန်တာဟာ ပြည်သူများသိဖို့ လိုအပ်လာတာကြောင့် ထုတ်ပြန်ရတာလို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ခံ ဗိုလ်တင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ တိုင်းအတွင်းက တော်လှန်ရေး အင်အားစုတွေအပါအဝင် တခြားတိုင်းနဲ့ပြည်နယ်က တော်လှန်ရေးအင်အားစုတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တာဝန်ခံ ဗိုလ်တင်ဦးက “ပြည်သူတွေအနေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့ လူမဆန်တဲ့စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ချက်တွေမှာ ပူးပေါင်းပါဝင်ပေးဖို့ကို မေတ္တာရပ်ခံတိုက်တွန်းပါတယ်” လို့ ပြောပါတယ်။
မြို့တွင်းပြောက်ကျား စစ်ဆင်ရေးနဲ့ချေမှုန်းရေး တိုက်ပွဲတွေကြောင့် ပြည်သူလူထု အနေနဲ့ အန္တရယ်ကင်းရှင်းပြီး ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပေးဖို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်ပိုင်းတိုင်းစစ်ဌာနချုပ်)က တိုက်တွန်းထားပါတယ်။