
ဝယ်လိုအားမရှိတဲ့အထိ ဖြစ်ပေါ်ပြီး အရင်းစျေးအောက်ထိ ထိုးဆင်းသွားခဲ့တဲ့ ကြက်သွန်နီ စျေးနှုန်းဟာ ဒေါ်လာစျေး၊ ဝယ်လိုအားနဲ့အတူ စက်တင်ဘာ နောက်ဆုံးပတ်က စတင်ပြီး စျေးပြန်လည်မြင့်တက်လာပါတယ်။
အရင်က တောင်သူလက်ရင်းစျေး တစ်ပိဿာကို ကျပ်၂၀၀ ပတ်လည်မှာပဲ ရှိခဲ့ပေမဲ့ အခုချိန်မှာ တောင်သူ လက်ရင်းစျေး တစ်ပိဿာကို ကျပ် ၅၀၀ နဲ့ ၇၀၀ အထိ အရောင်းအဝယ်ဖြစ်နေတယ်လို့ ကြက်သွန်စိုက် တောင်သူတွေဆီ သိရပါတယ်။
လက်တလော မြန်မာ့ကြက်သွန်ကို ထိုင်းနိုင်ငံက အဓိကဝယ်ယူနေတယ်လို့သိရပြီး ကိုဗစ်ကြောင့် ပိတ်ထားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် နယ်ဒေသတွေမှာ ကြက်သွန် အဝယ်လိုက်လာတယ်လို့ စိုက်ပျိုးတောင်သူတွေက ဆိုပါတယ်။
“export ဝယ်လက်တွေက ဒီရက်ပိုင်းအဝယ်သွက်လာတယ်။ အရင်ကမျှော်လင့်ချက်ကို မရှိတော့တာကနေ export နဲ့ ဒေါ်လာစျေးကြောင့်စျေးကပြန်တက်လာတာ။ ဒါပေမဲ့ ငွေစျေးကျနေတာနဲ့စာရင် စျေးက မတက်ဘူး။ ကျတောင်ကျသေးတယ်။ အခုဒေါ်လာပေါက်စျေးနဲ့ဆိုရင် ဒီထက်မက စျေးဖြစ်သင့်တယ်” လို့ ကြက်သွန်စိုက် တောင်သူတစ်ဦးက ပြောပါတယ်။
ကြက်သွန်စျေး ပြန်လည်မြင့်တက်လာပေမဲ့ ဒေါ်လာစျေးနဲ့အတူ စိုက်ပျိုးရေးသွင်းအားစု စျေးနှုန်းတွေ မြင့်တက်နေတာကြောင့် လက်တလောဖြစ်ပေါ်တဲ့စျေးနှုန်းဟာ နောက်နှစ် အရင်းအတွက် မကာမိနိုင်သေးဘူးလို့ ကြက်သွန်စိုက် တောင်သူတစ်ဦးက ပြောပါတယ်။
“ဒီစျေးကလည်း တောင်သူတွေ နောက်နှစ်အရင်းအတွက် မတတ်နိုင်ကြသေးဘူး။ မြေသြဇာစျေးကလည်း တစ်အိတ်ကို ခုနှစ်သောင်းထိ ရောက်သွားဆိုတော့လေ။ နောက်နှစ်ဆိုအရင်းက တပိဿာကို ၅၀၀ မကတော့ဘူး။ ကုန်ကျစရိတ်တွေ ပိုများလာမယ်။”
ယခင်က ကြက်သွန်စိုက်ပျိုးကုန်ကျစရိတ် တစ်ဧကကို ၂၅ သိန်းကနေ သိန်း ၃၀ အထိ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်နှုန်း ကုန်ကျစရိတ် ရှိပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ စပ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး တဟုန်ထိုးကျဆင်းပြီး မြင့်တက်လာတဲ့ ဒေါ်လာစျေးနှုန်းနဲ့အတူ စိုက်ပျိုးရေးသွင်းအားစု စျေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လာတာကြောင့် တောင်သူတွေအတွက် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်တွေလည်း ပိုမြင့်တက်လာတာပါ။
ဒါကြောင့် ကြက်သွန်စျေး အခုထက် ပိုမြင့်တက်လာဖို့ တောင်သူတွေက မျှော်လင့်နေကြပါတယ်။ ဒီနေ့အောက်တိုဘာ ၄ ရက်နေ့ ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာတော့ အမျိုးအစားအလိုက် ကြက်သွန်တစ်ပိဿာကို ကျပ် ၃၅၀ ကနေ ကျပ် ၇၇၅ ကျပ်အထိ အရောင်းအဝယ်ဖြစ်ပေါ်နေပါတယ်။